“မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေး” ဟူသော အဓိက ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) မှာ အောင်မြင်သည့်ခရီးစဉ်ပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် အဆိုပါ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် H.E.Mr. Li Qiang နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိတို့နှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ထားရှိမှုအပေါ် အားသစ်လောင်း၍ ပိုမိုခိုင်မာစေခဲ့သည်။
နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံဆွေးနွေးမှုများအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် တည်ငြိမ်အေးချမ်းပြီး နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိမှုအပေါ်ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ၏ အာဆီယံနိုင်ငံများအကြား ဖြစ်တည်မှု၊ ရပ်တည်မှုအပေါ်တွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံရပ်တည်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂမျက်နှာစာတွင်လည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည် ထောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏အရေးကြီးသည့် အဖွဲ့ဝင်ဖြစ်သည်ကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လိုအပ်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားချက်များဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်မှုကိုပြသခဲ့သည်။
မြန်မာကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပြီး တရုတ်နိုင်ငံက ဦးစီးဖော်ဆောင်နေသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံများဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးအစီအမံ (Global Governance Initiative-GGI) ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (Global Security Initiative- GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI) ၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) တို့ကို ထောက်ခံခဲ့သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားတွင် ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်များ ထိစပ်လျက်ရှိရာ ယင်းဒေသများတွင် နေထိုင်ကြသည့် နှစ်နိုင်ငံပြည်သူများ၏ သာယာဝပြောရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အောင်မြင်စွာ အပြည့်အဝဆောင်ရွက်နိုင်ရေး၊ နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့တွင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့လိုအပ်ရာ ယင်းအချက်ကိုအလေးထား၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတက အလေးအနက်ထား ဆွေးနွေးခဲ့သည်။
မိမိတို့သည် မဟာဗျူဟာမြောက် ယုံကြည်မှုကို ခိုင်မာမှုရှိစေရမည်ဖြစ်ပြီး ရှုပ်ထွေးလှသည့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများအကြား နှစ်နိုင်ငံယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နယ်နိမိတ်ချင်းထိစပ်မှု အရှည်လျားဆုံးနိုင်ငံဖြစ်ပြီး အယုံကြည်ရဆုံး မိတ်ဆွေနိုင်ငံ၊ အားအကိုးရဆုံး လက်တွဲဖက်မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပိုင်နက်နယ်မြေကိုအသုံးပြု၍ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေမှုများကို လုံးဝခွင့်ပြုသွားမည် မဟုတ်ကြောင်းတို့ကိုလည်း တရုတ်သမ္မတကြီး၏ ဆွေးနွေးပြောကြားချက်များတွင် တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယံဇာတအရင်းအမြစ်ကောင်းများရှိသကဲ့သို့ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အခွင့်အလမ်းများရှိနေသည့်အပြင် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ထားသည့် အိမ်နီးချင်းဆွေမျိုးပေါက်ဖော်သည်လည်း ထာဝရအနီးတွင်တည်ရှိနေသည်။ မိမိတို့နိုင်ငံတွင်လိုအပ်နေသည့်ငြိမ်းချမ်းရေးကို နိုင်ငံနှင့်ပြည်သူအတွက် စိတ်ကောင်းစေတနာမှန်ဖြင့်တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ တစည်းတလုံး၊ တညီတညွတ်တည်း အတူတကွလျှောက်လှမ်းကြရန် အချိန်တန်ပြီဖြစ်ရာ နိုင်ငံတော်၏သမိုင်းစာမျက်နှာသစ်ကို တိုင်းရင်းသား၊ နိုင်ငံသားအားလုံးက အကောင်းဆုံးရေးသား မော်ကွန်းတင်ကြရမည်ဖြစ်ပါကြောင်း။ ။
