နေပြည်တော် ဇွန် ၁၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၃၇၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၃၂)ဦး၊ အမျိုးသမီး(၅)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား(၃)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၄၀)ဦး၊ အမျိုးသမီး(၄)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၈)ဦး၊ အမျိုသမီး(၃)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၃)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား(၂၄)ဦး၊ အမျိုးသမီး(၈)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၃၇)ဦး၊ အမျိုးသမီး(၅)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား(၁)ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား(၅၀)ဦး၊ အမျိုးသမီး (၂)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၃)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား(၁)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၂)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၁)ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား(၃)ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား(၇)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စေတ္တရာ မြို့နယ်မှ အမျိုးသား(၁)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၂)ဦး၊ သရက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား(၆)ဦး၊ အမျိုသမီး (၁)ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၁)ဦး၊ ကျောမြို့နယ်မှ အမျိုးသား(၁)ဦး၊ ပေါင်း အမျိုးသား (၃၃၈)ဦးနှင့် အမျိုးသမီး (၃၈)ဦး၊ စုစုပေါင်း (၃၇၆) ဦးတို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 အမျိုးအစားသေနတ်(၈)လက်၊ MA-2 အမျိုးအစားသေနတ်(၂)လက်၊ MA -3 အမျိုးအစား သေနတ်(၈)လက်၊ M -22 အမျိုးအစား သေနတ်(၂)လက်၊ AK-47 အမျိုးအစား သေနတ်(၁)လက်၊ MA-11 အမျိုးအစား သေနတ်(၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊ ပစ္စတိုသေနတ် (၂)လက်၊ လက်လုပ်သေနတ်အမျိုးအစား (၁၂)လက်၊ ကျည်အိမ် မျိုးစုံ(၃၉)ခု၊ ကျည်မျိုးစုံ (၇၉၀)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၅)လုံး၊ စကားပြောစက် (၃)လုံးနှင့် မှန်ပြောင်း (၁)လက်တို့ကိုလွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၂၄ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၂၀၀ ၊ ပစ္စတိုသေနတ် ၂လက်အတွက် ဆုကြေးငွေကျပ်သိန်း ၄၀၊ လက်လုပ်သေနတ် ၁၂လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၅ သိန်း၊ စကားပြောစက် ၃လုံးအတွက် ဆုကြေးငွေကျပ် ၆သိန်း၊ မှန်ပြောင်း ၁ လက်အတွက် ဆုကြေးငွေကျပ် ၂သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ၃၄၁ ဦးအတွက် ဆုကြေးငွေကျပ် ၃၄၁ သိန်း၊ စုစုပေါင်း ၁၆၆၄ သိန်းကျပ်အားပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအပ်နှံထားသော လက်နက်ခဲများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည့်ခင်းဧည့်ခံသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
