နေပြည်တော် အောက်တိုဘာ ၁၀
မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် အထူးတန်းဝင်ကော်ဖီ (Myanmar Speciality Coffee) အဖြစ်နေရာတစ်ခု အခိုင်အမာရရှိထားပြီး ဥရောပ၊ အမေရိကနှင့် ဂျပန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရရှိနေသည်မှာ ရှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အရည်အသွေးကောင်း ကုန်းမြင့်ကော်ဖီနှင့်မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေမြေရာသီဥတု အခြေခံကောင်းသော ဒေသများစွာရှိနေရာ ကော်ဖီအဓိကတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက မြန်မာနိုင်ငံကော်ဖီအသင်း(MCA)နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ ကော်ဖီတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော်ဖီအရည်အသွေးစစ်ဆေး
ကော်ဖီသီးမှည့်ကို စတင်ဆွတ်ခူးသည်မှ သောက်သုံးသည့် အဆင့်အထိလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ကော်ဖီ အရည်အသွေးကောင်းမွန်ရန်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသကဲ့သို့ ကော်ဖီဆံအရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှု အရည်အသွေး စမ်းသပ်အကဲဖြတ်ခြင်းသည်လည်း အရေးကြီးသော နည်းပညာရပ်တစ်ခုအဖြစ် ပါဝင်လျက်ရှိရာ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်လိုသူများ Coffee Crop to Cup အသိပညာဗဟုသုတများရရှိစေရန် ကော်ဖီဆံအရည်အသွေး စစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှု အရည်အသွေးစမ်းသပ်အကဲဖြတ်ခြင်း နည်းပညာဆိုင်ရာ အခြေခံအခြေခံသင်တန်းကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ရှိ မြန်မာနိုင်ငံကော်ဖီအသင်း၏ ကော်ဖီဆိုင်ရာအသိပညာပေးစင်တာ (Coffee Knowledge Center) ၌ အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်သင်တန်း ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သင်တန်းဖြစ်မြောက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ မြန်မာနိုင်ငံကော်ဖီအသင်း(MCA)နှင့် မန္တလေးကော်ဖီ အုပ်စု(MCG)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ကော်ဖီကောင်းတစ်ခွက်ရရှိနိုင်ရန် ကော်ဖီသီးမှည့်ကို စတင်ဆွတ်ခူးသည်မှ ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးနှင့် သိုလှောင်ထိန်းသိမ်းခြင်း၊ ကော်ဖီလှော်ခြင်း၊ အမှုန့်ကြိတ်ခြင်း၊ ကော်ဖီဖျော်စပ်ခြင်းမှ သောက်သုံးသည့်အဆင့်ထိ အဆင့်တိုင်း၏အရေးပါမှုတို့ကို သက်ဆိုင်ရာ ပညာရှင်များက ပို့ချဆွေးနွေးသည်။
ထပ်မံဖွင့်လှစ်နိုင်ရေး
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက်လေ့လာပြီး ကော်ဖီဆံ အရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှု အရည်အသွေး စမ်းသပ်အကဲဖြတ်ခြင်း နည်းပညာဆိုင်ရာအခြေခံသင်တန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီအသင်း (MCA) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်