Skip to main content

လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာထမ်းဆောင်

နေပြည်တော် အောက်တိုဘာ ၈

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ပြိုင်ပွဲအခမ်းအနားဖြစ်သဖြင့် ကျင်းပစဉ်ကာလအတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြိုင်ပွဲကျင်းပပြုလုပ်မည့် နေရာများနှင့် ပြိုင်ပွဲဝင်များ တည်းခိုရာနေရာများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည့် ဓာတ်အားခွဲရုံများသို့ ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နေပြည်တော် အင်ဂျင်နီယာချုပ်ဦးမိုးသက်၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုကို ဝန်အားများဖြင့် စမ်းသပ်တင်ပြကြပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကြီးကြပ်သူများသည် အဖွဲ့အားလုံးအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင်များမှလည်း လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းအပြောင်းအလဲရှိပါက အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ရန်၊ Full Load ဖြင့် စမ်းသပ်သုံးစွဲရန်၊ UPS များ၊ Battery Bank များ၊ Tran- sformerနှင့် Switchgear Control Panelများ၊ အရန်ဓာတ်အားလိုင်းများနှင့် ဒီဇယ်မီးစက်များအား ကြံ့ခိုင်မှုကောင်းမွန်စေရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့်နေရာများအား အမြဲမပြတ်စစ်ဆေးရန်၊ အရန်ပစ္စည်းကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံးအကာအကွယ်ဝတ်စုံများဝတ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား လိုက်နာလျက်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်သွားကြရန်၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်