နေပြည်တော် မတ် ၁၀
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် ၀၁၅/၂၀၂၆ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီ ၁၅ ခုကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် ပုံမှန်အစည်း အဝေးများကျင်းပခြင်း၊ အန္တရာယ်ရှိသောလုပ်ငန်းခွင်မှ ကလေးလုပ်သားများကိုဖယ်ရှား၍ ခိုင်းစေသူကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့ စနစ်ဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်မီသော အခမဲ့ပညာ သင်ကြားနိုင်ရေး ချိတ်ဆက်ပေး ခြင်း၊ ကျောင်းပြင်ပရောက် လူငယ်များအတွက် သက်မွေးပညာသင်တန်းများ စဉ်ဆက် မပြတ်ဖွင့်လှစ်ပေးခြင်း၊ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်ခြင်း လုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်နေပါကြောင်း။
နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစသည့် စစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး/ ပြည်နယ်တို့မှ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ် သမားများကို တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ် စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းစိစစ်၍ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီ၏ နှစ်စဉ်အစီရင်ခံစာ၊ လစဉ်အစီရင်ခံစာများကို မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ ပုံမှန်ပေးပို့ တင်ပြလျက်ရှိကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) တွင် ပါရှိသော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆွေးနွေး
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် ထိခိုက်လွယ်အုပ်စုများကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် အသက်အုပ်စုအလိုက် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများ၊ မသန်စွမ်းသူများ၊ သက်ကြီးပုဂ္ဂိုလ်များကို ကဏ္ဍအလိုက် ကူညီစောင့်ရှောက်မှုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းမှ ကာကွယ်တားဆီးရန်နှင့် ခိုင်းစေသူကို ထိရောက်သော ပြစ်ဒဏ်ပေးရန်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအပေါ် ပုံစံအမျိုးမျိုးဖြင့် အသုံးချမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမရှိစေရေး ကာကွယ်တားဆီးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်နှင့် မိဘများအတွက် ပုံမှန်ဝင်ငွေရရှိစေရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်၊၊
သတင်းစဉ်
