Skip to main content

EV Mechanics သင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

နေပြည်တော် မတ် ၁၀

EV Mechanics သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့‌နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်၍ အမှာစကားပြောကြားရာတွင် “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေး ဆောင်ပုဒ်နှင့်အညီ အဖိုးတန် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ ရေရှည်တည်တံ့ အောင်ထိန်းသိမ်း၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေး၊ ကာဗွန်လျှော့ချရေးနှင့် အဆင့်မြင့်နည်းပညာသုံး လျှပ်စစ်ကား (EV) များ သုံးစွဲနိုင်မှုမှသည် လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ပြီး ကျန်းမာရေးကောင်းမွန်ခြင်း၊ စက်သုံးဆီနှင့် အင်ဂျင်ပြုပြင် ထိန်းသိမ်းရမှုများအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း စသောအကျိုးကျေးဇူးများကို ပြည်သူများရရှိနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ၂၀၅၀ လမ်းပြမြေပုံနှင့် မူဝါဒနှင့် ညွှန်ကြားချက်များအတိုင်း လုပ်ငန်းကော်မတီ ငါးခုတို့က တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေကြောင်း။

ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်အောင် သုံးစွဲနိုင်ရေးတို့အတွက် အရည်အသွေး စံနှုန်းပြည့်မီသည့် နည်းပညာရှင်များ လိုအပ်ချက်ရှိလာကြောင်း၊ ထို့ပြင် အာဆီယံ၊ အာရှနှင့် နိုင်ငံအချို့၌ လျှပ်စစ်ကားပြုပြင်ခြင်းကို MSME အဖြစ် ဆောင်ရွက်လာကြရာ အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အား အထောက်အကူပြုနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူများ အမှန်တကယ် အားထားရမည့် လျှပ်စစ်ကားနည်းပညာရှင်များဖြစ်စေရေးအတွက် သင်တန်းသားများအနေဖြင့် ကြိုးစားလေ့ကျင့်သင်ယူကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနများ၊ ကားဝပ်ရှော့များမှ သင်တန်းသား ၂၃ ဦး တက်ရောက်ကြပြီး အဆင့်မြင့် သင်ထောက်ကူမော်ကျူးများ အသုံးပြုကာ လက်တွေ့လေ့ကျင့်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် စံနှုန်းပြည့်မီစွာ လက်တွေ့ကျကျ ပြုပြင်နိုင်ရေးကို အလေးထားကာ ပုံမှန်သင်တန်းများအပြင် အကြံပြုချက်များ၊ စစ်တမ်းကောက်ယူချက်များနှင့် နည်းပညာတောင်းခံမှုတို့အရ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်