Skip to main content

ချစ်ကြည်ရင်းနှီးမှုနှင့် တိုးတက်မှုကို ဆောင်ကြဉ်း

“နိုင်ငံတိုင်းသည် မိမိတို့၏အကျိုးစီးပွားအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအားထုတ်နေရမည်ဖြစ်ပြီး Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း၊ ရပ်နေပါက မိမိတို့တိုင်းပြည် နောက်ကျကျန်နေခဲ့မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။

နိုင်ငံကို အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အစဉ်ပြောင်းလဲတိုးတက်နေသော ကမ္ဘာ့အခြေအနေများနှင့် လိုက်လျောညီထွေလိုက်ပါ ဖြစ်ထွန်းလာအောင်၊ အခြားနိုင်ငံများနှင့် တန်းတူလိုက်ပါနိုင်အောင် ဆောင်ရွက်ကြရသည်။ ထိုသို့ဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်းထီးတည်း ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ဘဲ နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်ကြရသည်။ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ကျင့်သုံးလျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အဆက် စိတ်ကောင်းစေတနာထားသည့် မိတ်ဆွေနိုင်ငံများနှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများဖြစ်သည့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံနှင့် ဝေးလံသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့နှင့်ပါ အစဉ်အဆက် မိတ်ဆွေနိုင်ငံများအဖြစ် ရင်းနှီးချစ်ကြည် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၁ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိပြီး ရုရှားနိုင်ငံမှ တာဝန်ရှိသူအကြီးအကဲများနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးကြရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင်ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက် စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်ပေါင်းစုံတို့တွင် ကောင်းမွန်သည့် အစဉ်အလာကောင်းများရှိသည်။ ယခုခရီးစဉ်တွင် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် စစ်ဘက်-အရပ်ဘက် သင်တန်းသားများ စေလွှတ်ရေး၊ နှစ်နိုင်ငံကိုးကွယ်ရာ ဘာသာနှစ်ခုချစ်ကြည် ရင်းနှီးမှုတည်ဆောက်ပြီး ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရေး၊ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့နိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် နည်းပညာလိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်ကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ နျူကလီးယားစွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ သိပ္ပံနှင့် သုတေသနစမ်းသပ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြု ဆောင်ရွက်နိုင်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို တစ်ဖွဲ့ချင်းအလိုက် သီးခြားစီ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်သည် ထူးကဲမွန်မြတ်သည့် ခရီးစဉ်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပထမဆုံး မြန်မာ့ယဉ်ကျေးမှုလက်ရာများနှင့် ထုံမွမ်းထားသည့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံမြို့မှ ရွှေစည်းခုံပုံတူစေတီတော်ကြီး တည်ထားပူဇော်နိုင်ခဲ့သည်။ စေတီတော်ကြီးကို ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတည်တံ့စေရန်၊ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်လာစေရန်၊ အရှေ့တိုင်းဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ထုတ်ဖော်ပြသရန် ရည်ရွယ်၍ ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးကို တည်ထားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ရလဒ်ကောင်းများပေါ်ထွက်လာမည်ဖြစ်သည်။ ထို့အပြင် သမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှုအစဉ်အလာထူးကဲပြည့်စုံသော ရွှေစည်းခုံစေတီတော်မြတ်ကြီးကို ရုရှားနိုင်ငံတွင် တည်ထားနိုင်ခြင်းသည် ရုရှား-မြန်မာနှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တိုင်တစ်ခုဖြစ်၍ ရုရှားနိုင်ငံသူနိုင်ငံသားများ၏ စိတ်နှလုံးအေးချမ်းမှုနှင့် ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှု၊ ခိုင်မြဲသည့် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။          ။