Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တွေနှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအားတွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် စစ်တွေနှင့်ဘူးသီတောင် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမများနှင့် ရိပ်သာတို့တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် တိုင်းစစ်ဌာနချုပ်နယ်မြေသည် နိုင်ငံ၏အနောက်ဘက်ခြမ်းနယ်မြေ၊ ကုန်းနယ်နိမိတ်ရော ရေနယ်နိမိတ်ပါ ပါရှိကြောင်း၊ ကမ်းရိုးတန်းနှင့် မြန်မာ့ရေပြင်ပိုင်နက်များကို လုံခြုံစွာကာကွယ်ထိန်းသိမ်းနေရသဖြင့် အရေးကြီးသောတာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်စောင့်ရှောက်နိုင်ခြင်းသည် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် လက်ရည်တပြင်တည်း ချစ်ကြည်ရင်းနှီးစွာနေထိုင်၍ ပူပေါင်းကာကွယ်မှုကြောင့်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းနှင့် ရေပြင်ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်နိုင်ရန်လည်းရရှိသော နိုင်ငံတော်ဘတ်ဂျတ်အတွင်းမှ တပ်မတော်(ရေ)ကို တစ်ဆင့်ချင်းအဆင့်မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများစွာမှာ လူမှုရေး၊ စီးပွားရေးပိုင်းဆိုင်ရာ ကိစ္စရပ်များများစွာထိခိုက်နစ်နာခဲ့ရပြီး မငြိမ်းချမ်းမှုများကို ခါးသီးစွာခံစားခဲ့ရကြောင်း၊ ထပ်မံမဖြစ်ပွားစေရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများတည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်မှု၊ ငြိမ်းချမ်းစွာ နေထိုင်ရမှုစသည့် ခံစားချက်များ မပျက်စေရေးအတွက် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကိုယ်တိုင်တွေ့ဆုံနိုင်ရေးဖိတ်ခေါ်ခဲ့မှုအပေါ် ငြိမ်းချမ်းရေးကိုလိုလားသော ပြည်သူ့တို့၏ဆန္ဒကို သဘောပေါက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့မှ ခေါင်းဆောင်များ၊ အဆုံးအဖြတ်ပေးနိုင်သော ကိုယ်စားလှယ်များ နေပြည်တော်သို့လာရောက်၍ နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြည်သူ့တစ်ရပ်လုံးက လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးစသည့် အခြေခံ(၂)ချက်ဖြင့် ဦးတည်ဆွေးနွေးခဲ့ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာ အာဏာကိုခွဲဝေကျင်သုံးမှုနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သောအချက်များ၊ ဇယား(၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကောင်းမွန်တိုးတက်ရန်မှာ တည်ငြိမ်မှုရှိဖို့ အဓိကအရေးကြီးကြောင်း၊ တည်ငြိမ်မှုရှိစေရန်မှာ ငြိမ်းချမ်းမှသာ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖိတ်ခေါ်ထားပါကြောင်း၊ အဓိကအနှစ်သာရမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး ၎င်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုများဆီသို့ အမြန်ဆုံးရောက်ရှိရန်ဖြစ်ကြောင်း။

လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်သားများဖြစ်ကြ၍ ၂၄ နာရီ တာဝန်ရှိသူများဖြစ်သဖြင့် ပေးအပ်ထားသော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည် တတိယဟူသော အသိစိတ်ဖြင့် သတိရှိရှိ တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ ဖွဲ့စည်းပေးထားသည့် လက်ရုံးဝန်ထမ်း တပ်များအနေဖြင့်လည်း မူလရည်မှန်းချက်နှင့်တာဝန်များကို ပိုင်နိုင်ကျွမ်းကျင်နေရန်လိုကြောင်း၊ အမြဲတမ်းလေ့ကျင့်နေရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ခြင်းတို့ဖြင့် မိမိတို့တာဝန်ယူသည့် နယ်မြေကို တပ်ရင်း/တပ်ဖွဲ့အလိုက်၊ တပ်နယ်အလိုက် စနစ်တကျဆောင်ရွက်နေခြင်းဖြင့် ပြည်နယ်တစ်ခုလုံးလုံခြုံမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပတွင် စာမသင်ကြားခဲ့ရသော တပ်မတော်သားအချို့ကို ပထမအဆင့် ရေး/ဖတ်၊ ဒုတိယအဆင့် မူလတန်း၊ တတိယအဆင့် အလယ်တန်း အတန်းများ သင်ကြားတတ်မြောက်ရေးအတွက် နှစ်ကာလအလိုက် သတ်မှတ်သင်ကြားပေးခဲ့ကြောင်း၊ လုံခြုံရေးတာဝန်များနှင့်သီးခြားပေးအပ်သော လုပ်ငန်းတာဝန်များကို လုပ်ငန်းခွင်မပြတ် တာဝန်ထမ်းဆောင်ရင်း ပညာတတ်မြောက်ရေးဦးစားပေး သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှသာ တပ်ဆင်ပေးထားသည့် ခေတ်မီလက်နက်ကိရိယာများ၏ စွမ်းပကားကို ကောင်းစွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ အလားတူ မိသားစုဝင်များ၏ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှသတ်မှတ်ထားသည့် မဖြစ်မနေ KG+ 9 အဆင့်အောင်မြင်ရန် မိဘများ၏ကြပ်မတ်မှု၊ တာဝန်ရှိသူများ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ KG+9 အဆင့် အောင်မြင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပညာရပ် သင်တန်းများသို့ တက်ရောက်၍ လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်း၊ တစ်ဖက်တွင်လည်း အထက်တန်း အဆင့်မှတစ်ဆင့် အဆင့်မြင့်ပညာရေးအဆင့်သို့ ရယူတက်လှမ်းနိုင်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ တပ်မတော်သားတို့၏ လုပ်ငန်းသဘောသဘာဝအရ ကျန်းမာကြံ့ခိုင်နေရန် အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိသားစုအရေး၊ နိုင်ငံအရေးတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နယ်မြေအတွင်း ဆေးတပ်ရင်း၊ ဆေးရုံတို့ဖြင့်ဖွဲ့စည်ပေးထား၍ ပြည်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးတွင်းကာလ မိုးရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ ကျန်းမာရေးအသိရှိစွာဖြင့် ကြိုတင်ကာကွယ်သွားရန်လိုကြောင်း၊ ကျန်းမာရေးအတွက် တစ်ဦးချင်းနှင့် မိသားစုအလိုက်ကိုယ်တိုင်ထိန်းသိမ်းဂရုစိုက်၍ နေထိုင်စားသောက်သွားကြရန်လိုကြောင်း။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပါတ်သက်၍ ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာမှုကို တုန့်ပြန်နိုင်ရန် အသိရှိနေရမည်ဖြစ်ပြီး သက်ဆိုင်ရာ၏ သတိပေးချက်များကို လိုက်နာရန်လိုသလို စဉ်ဆက်မပြတ်လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်ပါအတိုင်း ဇာတ်တိုက်လေ့ကျင့်နေဖို့လိုကြောင်း။

လေ့ကျင့်သင်ကြားပေးနေမှုများနှင့်ပါတ်သက်၍ တပ်မတော်သားများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် စစ်ပညာအပြင် လိုအပ်သော အသိပညာ အတတ်ပညာများကို သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့သင်ကြားပေးရာတွင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(ROE) ဆိုင်ရာများကိုပါ သင်ကြားပေးထားပြီးဖြစ်၍ (ကြည်း၊ ရေ၊ လေ) တပ်မတော်တစ်ရပ်လုံး စောင့်ထိန်းလိုက်နာရန်လိုကြောင်း၊ အမြဲသိရှိလိုက်နာနိုင်ရေး မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် အိပ်ဆောင်ကတ်ပြားများလည်း ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ အလားတူ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ကိစ္စရပ်များကိုလည်း သိရှိအောင် သင်ကြားပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တော်တိုင်း လိုက်နာကျင့်ကြံရသည့် ကျင့်ဝတ်အပါး ၆၀ သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ၊ လူ့အခွင့်အရေးဆိုင်ရာများနှင့် ROE ဆိုင်ရာအချက်အလက်များ ဆက်စပ်ပါဝင်နေသည်ကို တွေ့နိုင်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အရာရှိ၊ စစ်သည်။ မိသားစုများ၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့အဆင်ပြေစေရန် စီမံခန့်ခွဲပေးပြီး တပ်အပေါ် မိသားစုစိတ်ဖြင့် သံယောဇဉ်တရား ဖြစ်ပေါ်လာအောင် တည်ဆောင်သွားရန် လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် တပ်နယ်များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဘူးသီးတောင်တပ်နယ်၊ နယ်မြေခံတပ်ရှိ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကလေးငယ်များအားစာပေသင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အလားတူကျောက်တော်တပ်နယ် နယ်မြေခံတပ်ရင်းရှိ မိသားစုအိမ်ထောင်သည် လိုင်းခန်းများသို့ သွားရောက်၍ ရဲမေ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။