နေပြည်တော် စက်တင်ဘာ ၃၀
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမကာအိုအထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ မြန်မာနိုင်ငံ၏ (၁၅) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ်ဆွေးနွေးသည့် APJG ၏ မျက်နှာချင်းဆိုင်အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ(Action Plan)ပါ အချက်များအနက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ရလဒ်ကောင်းအနေဖြင့် လက်ငင်းရလဒ် ၈ ဒသမ ၂ ကို ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း(Largely Add-ress) အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာရေးသားရာတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံငါးခုကို အဆင့်တိုးမြှင့်ရရှိရေး အတွက် အဓိကအလေးထားဆောင်ရွက်မည့် နယ်ပယ်များသတ်မှတ်ရန်နှင့် မေးခွန်းတစ်ခုချင်းအလိုက် တိကျသည့်ဖြေကြားချက်များ ပြန်လည်ဖြေကြားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများသည်လည်း ရလဒ်ကောင်းများရရှိရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းကငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပြင်ဆင်ရေးဆွဲနေမှု၊ တိုးတက်မှုအစီရင်ခံစာများရေးသားရာတွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အကဲဖြတ်သူများက ထောက်ပြထားသည့် ဆက်လက်ရေးဆွဲရမည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။
ဆွေးနွေး
ယင်းနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အစီရင်ခံစာတွင် ထည့်သွင်းဖြေကြားမည့် အကြောင်းအရာများ၊ ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia- Pacific Group on Money Lau-ndering - APG) နှစ်ပတ်လည်အစည်းအဝေးနှင့် နည်းပညာနှင့် သင်တန်းပေးရေးဆိုင်ရာဆွေးနွေး ပွဲများသို့ တက်ရောက်ခဲ့မှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပြင်ဆင်သည့် ကိစ္စရပ်များကိုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာနယ်ပယ်အလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်