နေပြည်တော် ဇွန် ၇
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်ကာလ၊ ကြေးခေတ်၊ သံခေတ်ကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း၊ ပျူခေတ်ကာလတို့နှင့်ပတ်သက်၍ မူကြမ်းရေးသားပြီးစီးနေပြီဖြစ်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျသက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များ၏ သုတေသနပြုဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ရရှိနိုင်ရန်အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့်ပညာရှင်များ၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့်အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့်ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှပညာရှင်ကြီးများ၊ ဝန်ထမ်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသောဆွေးနွေးပွဲဖြစ်သည့်အားလျော်စွာ မြန်မာ့သမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ(၁)ဦးသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ(၂)ဒေါက်တာတိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင်ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အရာရှိကြီးများ၊ ကြေးခေတ်၊ သံခေတ်သုတေသနတူးဖော်မှုလုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ ကျော်ပါဝင်ဆောင်ရွက်ခဲ့ကြသောပြင်ပပညာရှင်များ၊ အရာရှိကြီးများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူဌာနဝန်ထမ်းများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံသည် ဘူမိပထဝီဖွဲ့စည်းမှုအရ လွန်ခဲ့သောနှစ်ပေါင်းသန်းရာနှင့်ချီသည့်ကာလကပင် ရေ၊ မြေ၊ တော၊ တောင်ဖြင့် ဖွဲ့စည်းတည်ရှိခဲ့ပြီး ပုံတောင်၊ ပုံညာတောင်တန်းရှိ ဗဟင်းကျေးရွာမှ လွန်ခဲ့သောနှစ်သန်း ၄၀ က သက်တမ်းဟု နိုင်ငံတကာပညာရှင်များသတ်မှတ်ခဲ့သည့် လူတူပရိုင်းမိတ်၏ ညာဘက်အောက်မေးရိုးတစ်ခြမ်းကို စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း လူတူပရိုင်းမိတ်အစိတ်အပိုင်းများ ဆက်လက်ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း မြန်မာ့ ရေ၊ မြေပေါ်တွင် လူတူပရိုင်းမိတ်များ ပေါက်ဖွားရှင်သန်လာပြီး လွန်ခဲ့သော နှစ် ၇၅၀၀၀၀ မှ ၁၀၀၀၀ အကြားကာလတွင် အညာသားယဉ်ကျေးမှုဟူ၍ အမေရိကန်ပညာရှင် T.O.Morris, Dr. H.L.Movius နှင့် Dr. H.de Terra တို့ အမည်ပေးခဲ့သည့် ကျောက်ခေတ်ဦး (သို့မဟုတ်) ကျောက် ခေတ်ဟောင်းကာလထွန်းကားခဲ့ကြောင်း၊ ထို့နောက် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်များသို့ အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီး ကြေးခေတ်၊ သံခေတ်များသို့ပါ ကူးပြောင်းထွန်းကားခဲ့သည်ကို ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းတူးဖော်သုတေသန ပြုမှုအရတွေ့ရှိခဲ့ရကြောင်း၊ ကြေးခေတ်၊ သံခေတ်မှ ပျူခေတ်၊ ထို့နောက် ပုဂံခေတ်စသည်ဖြင့် မြန်မာသမိုင်းတို့၏ ခေတ်အဆင့်ဆင့်ကိုဖြတ်ကျော်ကာ ယခုခေတ်ကာလအထိ ယဉ်ကျေးမှုမြင့်မားတိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။ ယခင်ကမြန်မာနိုင်ငံသမိုင်းကို လေ့လာဖော်ထုတ်မှုများအရ ကြေးခေတ်၊ သံခေတ်ကိုကျော်လွှားပြီး ကျောက်ခေတ်သစ်မှ ပျူခေတ်သို့ ကျော်လွှားဖြတ်သန်းခဲ့သည်ဟု ပြည်တွင်း/ပြည်ပမှပညာရှင်ကြီးများက ပြောဆိုမှတ်သားရေး သားကြကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းခေတ်များနှင့်ပတ်သက်၍ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ပညာရှင်များစုဖွဲ့ရေးသားထုတ်ဝေခဲ့သော “အခြေပြမြန်မာနိုင်ငံရေးသမိုင်း” ကိုသာကိုးကားခဲ့ကြောင်း၊ နှစ်ပေါင်း၅၀ ကျော်လွန်ပြီဖြစ်သည့် ယခုကာလတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ဂျပန်၊ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ စင်ကာပူ စသည့် နိုင်ငံများမှ အဖွဲ့အစည်းများစွာဖြင့် မြန်မာ နိုင်ငံအနှံ့အပြားတွင် ယခုကာလအထိ ပူးတွဲသုတေသနပြုမှုအကြိမ်ပေါင်းရာချီရှိခဲ့ပြီး အသစ်အသစ်သောတွေ့ရှိချက်များ၊ သိပ္ပံနည်းကျသက်တမ်းတွက်ချက်မှုများကြောင့်အချို့သမိုင်းခေတ် များမှာ များစွာပီပြင်ပုံပေါ်လာပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းခေတ်များကို ပြန်လည်ပြင်ဆင်ရေးသားပြုစုထုတ်ဝေရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်း/ပြည်ပသုတေသီများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းစဉ်ပြောင်းလဲဖြစ် တည်မှုကို သိရှိကိုးကားနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာလူမျိုးများသည် မြန်မာ့ရေမြေတွင် ပေါက်ဖွားကြီးပြင်းလာပြီး သမိုင်းခေတ်ကာလအဆင့်ဆင့်ကိုကျော်ဖြတ်လျက် ယနေ့ခေတ်ကာလအထိရောက်ရှိခဲ့သည်ကို ခိုင်ခိုင်မာမာဖော်ထုတ်နိုင်ပြီး မိမိလူမျိုး၊ မိမိနိုင်ငံနှင့်မိမိတို့သမိုင်းအတွက် ဂုဏ်ယူနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ထို့ကြောင့်ဆွေးနွေးပွဲတွင် မြန်မာ့သမိုင်းအဖွဲ့ပညာရှင်များ ပြုစုရေးသားထားသော သမိုင်းစဉ် (မူကြမ်း)များအနက်မှ “ကြေး ခေတ်၊ သံခေတ် မြို့ပြအကြိုခေတ်” အကြောင်းကို တာဝန်ယူပြုစုသောဒေါက်တာစိန်မြင့်က ရှင်းလင်းတင်ပြသည်။ ထို့နောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်က ၎င်းလက်တွေ့တူးဖော်သုတေသနပြုခဲ့သော “ကြေးခေတ်၊ သံခေတ်တူးဖော်မှုအကြောင်း” ကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြင်သစ်ပညာရှင်များ၏ အယူအဆနှင့်သက်တမ်းတွက်ချက်မှုကိုပါ မြန်မာ့ကြေး/သံခေတ် သမိုင်းစဉ်တွင်ပါထည့်သွင်းနိုင်ရန် ဆွေးနွေးတင်ပြသည်။ မြန်မာ့သမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌများနှင့်ပညာရှင်များ၊ မန္တလေးရှေးဟောင်းသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး(ငြိမ်း)ဦးပေါက်ပေါက်နှင့် ကြေးခေတ်၊ သံခေတ်ဒေသများကို လက်တွေ့တူးဖော်သုတေသန ပြုခဲ့သောအရာရှိကြီးများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကြေးခေတ်၊ သံခေတ် ဆွေးနွေးပွဲကို ဇွန် ၆ ရက်နှင့်၇ ရက် စုစုပေါင်းနှစ်ရက်ပြုလုပ်ခဲ့ပြီး ဆွေးနွေးဖြည့်စွက်ချက်များကို ပြန်လည်ထည့်သွင်းထပ်မံ ဆွေးနွေး၍အတည်ပြုမည်ဖြစ် ကြောင်း၊ အလားတူ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကျောက်ခေတ်ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပညာရှင်များပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ပါဝင်ဆွေးနွေးလိုသူပညာရှင်များအနေဖြင့် ၎င်းသုတေသနပြုတွေ့ရှိချက်များ၊ ခိုင်မာသောအထောက်အထား များကိုပါ ပူးတွဲယူဆောင်လာပါရန်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲညွှန်ကြားရေးမှူး ဖုန်း - ၀၉၅၀၆၁၈၃၂၊ Email : depar tmentofarchaeologyygn@gmail.com များသို့ ကြိုတင်ဆက်သွယ်ရန်လိုအပ်ပါကြောင်း သိရသည်။
သတင်းစဉ်