မူပိုင်ခွင့်(Copy Right)သည် ဥပဒေတစ်ရပ်ဖြစ်သည်။ ကိုယ်တိုင်ဖန်တီးထားမှုအား အကာအကွယ်ပေးခြင်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ဖန်တီးထားသောအရာအားရောင်းချခြင်းဖြင့် ဝင်ငွေရရှိစေမှုကိုအထောက်အကူပြုသည်။ ထို့အပြင် ပိုင်ရှင်၏ ခွင့်ပြုချက်ရမှသာလျှင် ၎င်း၏လက်ရာ သို့မဟုတ် တီထွင်ပစ္စည်းကို ကူးယူနိုင်သည်။ တုပနိုင်သည်။ ခွင့်မပြုဘဲအသုံးပြုလျှင် အရေးယူခြင်းခံရနိုင်သည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် တီထွင်ဆန်းသစ်မှု၏ အကျိုးကျေးဇူးများနှင့် အာမခံနိုင် ပိုင်ခွင့်များကြောင့် အစဉ်အမြဲဆန်းသစ်တီထွင်ကြပြီးအစဉ် တိုးတက်သည့်နိုင်ငံများဖြစ်လာကြသည်။ ထို့ကြောင့် တီထွင်ဆန်းသစ်မှုကို အာမခံပေးသည့်ဥပဒေများအား အလေးထား ဆောင်ရွက်ကြသည်။ အာဆီယံဒေသတွင်း၌လည်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်စီးဆင်းမှု တိုးတက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်ကို ဖော်ဆောင်ကျင့်သုံးနေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနိုင်ငံများနည်းတူ မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပြီး မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်တစ်ရပ်တည်ထောင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများကို အကာအကွယ်ပေးနိုင်ရေး မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ပြဋ္ဌာန်းထားသည်။ နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့်မူပိုင်ခွင့်တို့ကို ဥပဒေနှင့်အညီ ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာစေရေး စီမံချက်ပါလုပ်ငန်းစဉ်များတွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကဏ္ဍများ တွင်လည်း လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ထားသည်။ မူပိုင်ခွင့်ဥပဒေများ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း၊ လုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် လူသားအရင်းအမြစ်များဖွံ့ဖြိုးလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များပေါ်ပေါက်လာခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိနိုင်သည်။
မူပိုင်ခွင့်ဆိုင်ရာများတွင် စက်မှုပစ္စည်းဆိုင်ရာတီထွင်မှုများ၊ ကုန်အမှတ်တံဆိပ်များ၊ စက်မှုဒီဇိုင်းများနှင့် စာပေ၊ ဂီတ၊ အနုပညာ၊ ဓာတ်ပုံ၊ အရုပ်၊ အသံ စသည့် ပိုင်ဆိုင်မှုဆိုင်ရာအားလုံးပါဝင်သည်။ ပုဂ္ဂလိကကဏ္ဍတွင် စက်ကိရိယာမှစ၍ အရာဝတ္ထုပစ္စည်းတစ်စုံတစ်ရာတို့ကို စတင်တီထွင်ဖန်တီးသူတစ်ဦးသည် အချိန်ကာလကြာရှည်စွာ တွေးတောကြံစည်ကာ၊ ပင်ပန်းခဲယဉ်းစွာ အချိန်ကုန်၊ ငွေကုန်ခံကာ ကြံစည်စိတ်ကူးလုပ်ကိုင်ပြီးမှသာ အောင်မြင်မှုတစ်ခုကို ရရှိပိုင်ဆိုင်ကြသည်။ သို့သော် ထိုပစ္စည်းတစ်ခုကိုလူအများအသုံးပြုရန် ထုတ်ဝေဖြန့်ချိသောအခါ တစ်စုံတစ်ယောက်က ထိုပစ္စည်း၊ အရာဝတ္ထုကိုတုပ၍ အလားတူပစ္စည်း၊ အကြောင်းအရာတစ်ခုကို ထပ်မံပြုလုပ်၍ အကျိုးအမြတ်ရယူဆောင်ရွက်သောအခါ ခဲယဉ်းစွာကြိုးပမ်းအား ထုတ်ခဲ့သောမူလဖန်တီးသူ၏ အကျိုးစီးပွားများစွာ ထိခိုက်မှုဖြစ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ဖန် အဖွဲ့အစည်းအားဖြင့်တီထွင်ဖန်တီးမှုတွင် အကျိုးစီးပွားဖြစ်ထွန်းမှုနည်းပါးသည် ကိုတွေ့ရသည်။ မူပိုင်ခွင့်တွင် အာမခံချက်နည်းပါးသည့်အခါ တိုးတက်ဖြစ်ထွန်းမှုများလည်းနည်းပါးလာသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်တစ်ရပ် ထူထောင်ထားခြင်းသည် ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တစ်ခုဖြစ်၍ အကောင်းဆုံးဖြစ်အောင် လက်ခံဆောင်ရွက်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ် ကာလတွင် စက်မှုနှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စွန့်ဦးတီထွင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်ပါ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် ပိုမိုအရေးပါပြီး အရေးကြီးသည့်ကဏ္ဍတစ်ရပ်အဖြစ် အစဉ်အမြဲရှိနေမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းလာစေလိုပါလျှင် မူပိုင်ခွင့်ဆိုင်ရာများကို ပိုမိုစနစ်တကျ အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) တွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော နိုင်ငံတော်တွင် တီထွင်ဖန်တီးမှုကိုအခြေပြုသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍဖြစ်ပေါ်လာစေရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအာမခံချက်ရှိသော စနစ်တစ်ရပ်ကိုခိုင်မာစွာကျင့်သုံးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူ ပြုလာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရနှင့်ပြည်သူအတူလက်တွဲ၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်