Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတားလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတားလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ငလျင်ကြောင့် ဧရာဝတီတံတား (ရတနာပုံ) မန္တလေးဘက်ခြမ်း RP2 နှင့် RP7 ရေလည်တိုင်ခြောက်တိုင်ရှိ သံပေါင်ချုပ်တန်းများပျက်စီးခဲ့မှုကို အသစ်အစားထိုး လဲလှယ်တပ်ဆင်ပြီးစီးမှု၊ Conn-ection Plate နှင့် Gusset Plate Point အသစ်လဲလှယ်တပ်ဆင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတံတား(ရတနာပုံ)သည် တိုင်းဒေသကြီးနှစ်ခုကို အဓိကဆက်သွယ်ပေးထားသည့် တံတားတစ်စင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် အရေးကြီးသည့်အတွက် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်ထားရန်၊ လုပ်ငန်းဆောင်ရွက်ခဲ့သည့်အခြေအနေတို့ကို မှတ်တမ်းတင်ထိန်းသိမ်းထားရန်၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာအသုံးပြုနိုင်စေရေးအတွက် နေ့စဉ်စောင့်ကြည့်စစ်ဆေးသွားရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေး ထားဆောင်ရွက်ရန်တို့ကို တာဝန် ရှိသူများအား လမ်းညွှန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကိုမှာကြားသည်။

ယင်းနောက် မန္တလေးတက္ကသိုလ် တက္ကသိုလ်ရုံးခန်း အစည်းအဝေးခန်းမ၌ မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများက ရာပြည့်သဘင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ဦးစီးဆပ်ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ မန္တလေးငလျင်ကြောင့်ပျက်စီးသွားသော တက္ကသိုလ်ပင်မဆောင်နှင့်ဘွဲ့နှင်း သဘင်ခန်းမတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း(MDA) နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)တို့က ပြုပြင်ဆောင်ရွက်နေသော လုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရာပြည့်သဘင် အခမ်းအနားအမီ လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ရှေးမူမပျက်ဆောင်ရွက်ရန်နှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းစဉ် SOP အတိုင်းဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရှိရန်၊ ဥပဓိရုပ်ကောင်းမွန်ရေးပြင်ဆင်ထားရန်မှာကြားပြီး အခမ်းအနားဆောင်ရွက်မည့်လမ်းတစ်လျှောက် လမ်းဘေးဝဲယာနှင့် ဘွဲ့နှင်းသဘင်ခန်းမအတွင်း အခမ်းအနားအစီအစဉ်ဆောင်ရွက်နေမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်