နေပြည်တော် ဇွန် ၂
e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ e-IDစနစ်လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့်ကော်မတီဝင်များ တာဝန်ရှိသူများတက်ရောက်ကြပြီး ကိုယ်တိုင်မတက်ရောက်နိုင်သည့်ကော်မတီဝင်အချို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက e-ID စနစ်လုပ်ငန်းသည် e-Government စနစ်အတွက် အခြေခံအကျဆုံးလုပ်ငန်းရပ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သဖြင့် လက်ရှိနိုင်ငံတော်အစိုးရတာဝန်ယူချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရကာလအတွင်း ပြည်တွင်း/ပြည်ပ နှောင့်ယှက်၊ ဟန့်တား၊ ပိတ်ဆို့မှုများကြားမှ ကြိုးပမ်းဆောင်ရွက်နေရသည့်အတွက် ကန့်သတ် ချက်များစွာရှိပါကြောင်း၊ နိုင်ငံတော်၏ဘတ်ဂျက်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး e-ID စနစ်လုပ်ငန်းအတွက် မိမိတို့ဝန်ကြီးဌာနတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီဖွဲ့စည်းပြီးဖြစ်သကဲ့သို့ ဆပ်ကော်မတီများကိုလည်းဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာများနှင့်ပတ်သက်၍လည်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ e-ID စနစ်အကောင်အထည်ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခုအခါ e-ID စနစ်တစ်ခုလုံးအတွက် ဒီဇိုင်းပုံစံ Master Plan ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ကာ ရေးဆွဲထားပြီးလည်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများအတွက် နိုင်ငံတကာအဆင့်မီဖြစ်စေရန် ပြည်ပနည်းပညာအကြံပေးကို ငှားရမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့အသုံးပြုမည့် Enrollment Kit နှင့် ပတ်သက်သည့် အချက်အလက်များ၊ ရေးဆွဲထားသည့် Master Plan များအပေါ် လိုအပ်သည့်အကြံပြုချက်များ၊ လုပ်ငန်းစဉ်အတွက် လိုအပ်သောသင်တန်းပေးနိုင်ရေးအခြေအနေများကို ပြည်ပနည်းပညာအကြံပေးက သုံးသပ်ဆွေးနွေးအကြံပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ရေးဆွဲထားသည့်လုပ်ငန်းဆိုင်ရာဒီဇိုင်းပုံစံ Master Plan နှင့်ပတ်သက်၍ အထက်ဌာနသို့ဆက်လက်တင်ပြနိုင်ရေးအတွက် ဆွေးနွေးအတည်ပြုပေးကြမည်ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းသည်နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး အချိန်ကာလ၊ နိုင်ငံတကာအဟန့်အတား၊ နည်းပညာကျွမ်းကျင်မှုစသည့် ကန့်သတ်ချက်အပေါ် ခြုံငုံသုံးသတ်၍အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်က e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲထားသည့် System Archileeture Design နှင့် ပြည်ပနည်းပညာအကြံပေးငှားရမ်းနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သောလုပ်ငန်းလမ်းညွှန် (TOR) များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက e-ID စနစ်အတွက် ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)