Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ခြင်းနှင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၉

အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် လေးခန်းတွဲလေးထပ်အဆောက်အအုံများ အသစ်ပြန်လည်တည်ဆောက်နေမှုအခြေအနေ၊ ရုံးအဆောက်အအုံများ ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ဦးစွာ အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများအတွက် လေးခန်းတွဲလေးထပ်အဆောက်အအုံများ အသစ်ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများက အိမ်ရာစီမံကိန်းများလျာထားချက်၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်ခြင်းအား စနစ်တကျဆောင်ရွက်ရန်၊ အကွက်ချပုံစံကိုက်ညီမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်ရန်၊ အဆောက်အအုံများ မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်စေရေး စနစ်တကျတွက်ချက်တည်ဆောက်ရန် မှာကြားပြီး အသစ်တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာများကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုများကြီးမား၍ အန္တရာယ်ရှိသဖြင့် ဖြိုဖျက်ခဲ့ရသော ဝန်ထမ်းအိမ်ရာများအတွက် လေးခန်းတွဲလေးထပ်အဆောက်အအုံ ၂၃၀ အသစ်ပြန်လည်တည်ဆောက်ပေးရန် လျာထားရာတွင် ပထမအဆင့် အဆောက်အအုံ ၅၂ လုံး စတင်တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများအဖြစ် စနစ်တကျတည်ဆောက်လျက်ရှိသည်။

စနစ်တကျ တွက်ချက်စစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် အပြာရောင်အဆင့် ပျက်စီးခဲ့သော အဆောက်အအုံ ၆၈၃ လုံး ရှိပြီးပြင်ဆင် ပြီး ၆၅၄ လုံး၊ ပြင်ဆင်ဆဲ ၂၉ လုံး ဖြစ်သည်။ လိမ္မော်ရောင်အဆင့် ပျက်စီးခဲ့သော အဆောက်အအုံ ၄၂၆ လုံးရှိပြီး ပြင်ဆင်ပြီး ၁၄ လုံး၊ ပြင်ဆင်ဆဲ ၄၀၅ လုံးနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် အဆောက်အအုံခုနစ်လုံးဖြစ်သည်။ အနီရောင်အဆင့်ပျက်စီးခဲ့သော အဆောက်အအုံ ၂၂၈ လုံးရှိပြီး ပြင်ဆင်ဆဲသုံးလုံးနှင့် ပြင်ဆင်ရန် ၂၂၅ လုံးဖြစ်သည်။ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့် ပျက်စီးခဲ့သော အဆောက်အအုံများကို ပျက်စီးမှုအမျိုးအစားအလိုက် ပြင်ဆင်ရမည့် နည်းလမ်းများကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအသိအမှတ်ပြုလက်မှတ်ရ (Professional Engi-neering – PE) (RSE) တို့ဖြင့် စနစ်တကျတွက်ချက်စစ်ဆေး၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ သွားရောက်၍ အဆောက်အအုံပြန်လည်ပြုပြင်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (SOP) အတိုင်း ပြင်ဆင်ရန်၊ အဆောက်အအုံ၏ Structure ကို မူလထက် ပိုမိုခိုင်ခံ့စေရေး ငလျင်ဒဏ်ခံကွန်ကရစ်နံရံ (Shear Wall) များ စနစ်တကျတွက်ချက်၍ ထည့်သွင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာနဝန်ကြီးရုံး အဆောက်အအုံဘေးပတ်လည်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

စနစ်တကျ ကြပ်မတ်ဆောင်ရွက်

အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအနေဖြင့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသော နိုင်ငံပိုင်ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ အထူးအဆောက်အအုံများကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့တို့မှ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ ပျက်စီးမှုများစစ်ဆေးခြင်း၊ ပျက်စီးမှုအလိုက် အရောင်သတ်မှတ်၍ အဆင့်ခွဲခြားခြင်း၊ ဖြိုဖျက်ရမည့် အဆောက်အအုံများ သတ်မှတ်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဖယ်ရှားရှင်းလင်းခြင်း၊ အသစ်တည်ဆောက်မည့် အဆောက်အအုံများအတွက် မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်စေရေး ဒီဇိုင်းတွက်ချက်ရေးဆွဲခြင်း၊ အဆောက်အအုံများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို အရည်အသွေးကောင်းမွန်၍ ရေရှည်တည်တံ့စေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်