မီးခိုးမထွက်သည့်စက်ရုံဆိုသည်မှာ အကျိုးအမြတ်ဖြစ်ထွန်းသည့်ခရီးသွားလုပ်ငန်းကို တင်စားပြောဆိုကြခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၍ ကမ္ဘာပေါ်ရှိနိုင်ငံအများသည် ခရီးသွားလုပ်ငန်းကို ဦးစားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်၍ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်အောင် ကြိုးပမ်းအားထုတ်နေကြသည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် သဘာဝအခြေခံကောင်းများစွာပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံကိုလည်း ကမ္ဘာ့နိုင်ငံများမှခရီးသွားများက စိတ်ဝင်စားကြပြီး နှစ်စဉ်လာရောက်လည်ပတ်ကြသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းတိုးတက်ကောင်းမွန်လာသဖြင့် ၂၀၁၉ ခုနှစ်က တစ်နှစ်တာကာလအတွင်းတိုးတက်မှုနှင့် အလားအလာအရှိဆုံးနိုင်ငံစာရင်းကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကထုတ်ပြန်ရာ မြန်မာနိုင်ငံသည် တိုးတက်မှုရာခိုင်နှုန်း ၄၀ ကျော်ဖြင့် တိုးတက်သောနိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့သည်။ မြန်မာနိုင်ငံ၏နောက်တွင် ပွာတိုရီကို၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ မွန်တီနီဂရိုး၊ အီဂျစ်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံများ အစဉ်လိုက်ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရာသီဥတု၊ ကမ်းရိုးတန်းများ၊ ရေအောက်သန္တာကျောက်တန်းများ၊ ရေနေသတ္တဝါများ၊ လန်ပိကျွန်းကဲ့သို့သော သဘာဝဥယျာဉ်ကြီးများ၊ အနုပညာနှင့် အဆောက်အအုံများကိုလေ့လာနိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုပုဂံကဲ့သို့ ယူနက်စကိုအသိအမှတ်ပြု နေရာဒေသများ၊ ကျေးလက်ဒေသခရီးစဉ်များ၊ ကချင်ပြည်နယ် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးစဉ်များ၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်များအပြင် မြန်မာနိုင်ငံ၏မတူကွဲပြားသော ရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာရေး ဆိုင်ရာပွဲတော်အခမ်းအနားများနှင့် တောတောင်ရေမြေသဘာဝအလှအပများ စသည့်နိုင်ငံတ ကာခရီးသွားများအားဆွဲဆောင်နိုင်သည့်နေရာများစွာရှိသည်။
မြန်မာနိုင်ငံသည် ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် အခြေခံကောင်းများစွာ ပိုင်ဆိုင်ထားသော်လည်း နိုင်ငံ၏အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကြားတွင် ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်က စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံအများတွင် ခရီးသွားလုပ်ငန်း များ ရပ်တန့်ကျဆင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ခရီးသည်ဝင်ရောက်မှုမှာ ၄ ဒသမ ၃၆ သန်းနှင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၁၈ ဒသမ ၇၅ သန်းရရှိခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် ခရီးသွားလုပ်ငန်းအားလုံးနီးပါးရပ်တန့်သွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု သုည ဒသမ ၉၀ သန်းသာရှိတော့သည်။ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၇၉ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားသည်။ ၂၀၂၁ ခုနှစ် တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသည် သုည ဒသမ ၁၃ သန်းသာ ဝင်ရောက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါသည်ခရီးသွားလုပ်ငန်း၏အသက်သွေးကြောကို ဖြတ်တောက်လိုက်သကဲ့သို့ဖြစ်ခဲ့ပြီး ကန့်သတ်ချက်များကြောင့် ခရီးသွားလာရေးဆိုင်ရာ အလုပ်အကိုင်များသာမက စီးပွားရေးနှင့်ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ဆိုးကျိုးများကိုဖြစ်စေခဲ့သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်ရန် ကြိုးပမ်းလာကြသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါသည်အခြားနိုင်ငံများထက် ပိုမိုသိသာစွာလျော့နည်းကျဆင်းလာခဲ့ရာ ကျန်းမာ ရေးဆိုင်ရာကန့်သတ်ချက်များအား တဖြည်းဖြည်းပြန်လည်လျှော့ချပေးပြီးနောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲခွင့်ပြုခဲ့ သည်။
သို့ဖြစ်ရာ မကြာမီကာလများတွင် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ပွင့်လန်းတော့မည်ဖြစ်ရာမြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းများကို ယခင်နှစ်ကာလများကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရီးသွားများစိတ်ဝင်စားမည့် နေရာဒေသများအား ခရီးသွားဝန်ဆောင်မှုများ၊ ပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုအဆောက်အအုံထိန်းသိမ်းမြှင့်တင်ဆောင်ရွက်မှုများအား ဦးစားပေးဆောင်ရွက်ကြ၍ အကျိုးအမြတ်ဖြစ်ထွန်းမှုအားကောင်းသောခရီးသွားလုပ်ငန်း မီးခိုးမထွက်သည့်စက်ရုံများ ပုံမှန်ပြန်လည်လည်ပတ်အားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်