မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူမျိုးဟူသည့် ဝေါဟာရကို ပညာရှင်တို့က အဓိပ္ပာယ်အသီးသီး ဖွင့်ဆိုခဲ့ကြသည့်အနက် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ် ပစ္စယံညီလာခံမိန့်ခွန်းမှ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်ခုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်သည်။” ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကသာ လူမျိုးစုံစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဖော်ဆောင်နိုင်မည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လူမျိုးတစ်မျိုးတည်းမက စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်။ ရှေးအစဉ်အဆက်ကတည်းကပင် နိုင်ငံနယ်နိမိတ်တစ်ခုတည်း အတွင်း အမျိုးတူ၊ အနွယ်တူ မွေးဖွားနေထိုင်ခဲ့ကြသည့် နိုင်ငံများရှိသလို ရေခြားမြေခြား ကမ္ဘာအရပ်ရပ်မှ ရွှေ့ပြောင်းရောက်ရှိလာသူများ နေထိုင်ကြသည့် နိုင်ငံများလည်း ရှိသည်။ ဤတွင် နိုင်ငံ နယ်နိမိတ်တစ်ခုတည်းအတွင်း အတူတကွနေထိုင်ကြသူများအနေဖြင့် အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားနှင့် ဓလေ့ထုံးတမ်းအစဉ်အလာတို့ကို အရေး ထားရမည်ဖြစ်သော်လည်း အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းနေထိုင်လိုသည့် ဆန္ဒသည်သာ အဓိကဖြစ်ပြီး မျိုးချစ်စိတ် သို့မဟုတ် ဝံသာနုရက္ခိတတရားကိုလည်း ယင်း အပေါ်တွင်သာ အခြေစိုက်ရမည်ဖြစ်သည်။ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက်ဆိုသည်မှာ မိသားစုတစ်စုသဖွယ် စည်းလုံးညီညွတ်စွာ ပူးပေါင်းနေထိုင်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းကြရန်နှင့် ဘေးအန္တရာယ်တို့ကိုလည်း စုပေါင်းကာကွယ်ကြရန်၊ အကျိုးစီးပွားတို့ကိုလည်း ညီညွတ်မျှတစွာ အတူတကွခံစားကြရန်ပင်ဖြစ်သည်။
ယခုအချိန်အခါသည် မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသည့် ကာလတစ်ခုအတွင်းသို့ ရောက်ရှိနေသည်။ နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် တည်တံ့ထွန်းကားရေးအတွက် တည့်မတ်ဆောင်ရွက်နေချိန်၊ တိုင်းရင်းသားများ၏ မျှော်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးအခြေခံအုတ်မြစ် ချမှတ်နိုင်ရေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်နေချိန်ဖြစ်ရာ သမိုင်းဝင်အချိန်ကာလတစ်ရပ်ပင် ဖြစ်သည်။ တစ်ပြိုင်တည်းမှာပင် ပြည်တွင်းပြည်ပ အဖျက်အမှောင့်၊ အနှောင့်အယှက်များစွာတို့ကလည်း မြန်မာနိုင်ငံကိုတစ်စစီပြိုကွဲပျက်စီးစေရေး ဦးတည်လျက် အတွင်းအပြင်အချိတ်အဆက်များဖြင့် ကြိုးပမ်းဖျက်ဆီးလျက်ရှိကြသည်။
ပစ္စက္ခကာလ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး တစ်မျိုးသားလုံးအတွက် အမျိုးသားရေးတာဝန်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော တာဝန်သုံးရပ်ပင် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲနှင့် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများကြောင့် ကမ္ဘာတစ်ခွင် လှုပ်ခတ်လျက်ရှိရာ ပထဝီနိုင်ငံရေးအရ အရေးပါသည့်နေရာတွင်ရှိနေသော မိမိတို့နိုင်ငံအနေဖြင့် တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ အမျိုးသားရေးတာဝန်သုံးရပ်ကို ဦးလည်မသုန်ထမ်းဆောင်ကြရပါမည့်အကြောင်း။