Skip to main content

တိုင်းရင်းသားပြည်သူလူထု၏ ငြိမ်းချမ်းရေးခံစားလိုသည့် ဆန္ဒ

နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ လိုအင်ဆန္ဒဖြစ်သည်။ လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရတို့ကို ဆယ်စုနှစ်ပေါင်း များစွာ အပြည့်အဝ မခံစားရသေးသည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းရေးလိုအင်ဆန္ဒကို တပ်မတော်က ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လာမည့်နှစ်တွင် ၇၅ နှစ်ပြည့်တော့မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပြည့်စုံဖူလုံရေးနှင့် သာယာဝပြောရေးတို့ကို အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏နောက်သို့ တစ်စတစ်စနှင့် ရောက်ရှိသွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ငြိမ်းချမ်းရေးအတွက် တိုက်ရိုက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါ ဖိတ်ခေါ်မှု မတိုင်မီကပင် တပ်မတော်က ယခုနှစ်ကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားပေးခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့အတွက် အာမခံချက်ပေးထားခြင်း၊ တွေ့ဆုံဆွေးနွေးမှုများ အတွက် ကြိုတင်ကန့်သတ်ချက်မထားခြင်း စသည်တို့ဖြင့် ငြိမ်းချမ်းရေးအတွက် အခင်းအကျင်းများကို ဆောင်ရွက်ပေးထားခဲ့ရာ မည်သည့်အခါကမျှ မပေးခဲ့ဖူးသည့် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးထားခြင်းပင်ဖြစ်သည်။

တပ်မတော်က ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်အဖြစ် မည်မျှပင် ကြိုးပမ်းဆောင်ရွက်ပေးစေကာမူ အခြားတစ်ဖက်တွင်မူ တုံ့ပြန်မှုတို့မှာ တိုင်းရင်းသားပြည်သူလူထု၏ မျှော်လင့်ချက်အတိုင်းဖြစ်မလာဘဲ အားမလိုအားမရဖွယ်တို့ကိုသာ တွေ့မြင်ကြရသည်။ ငြိမ်းချမ်းရေးကို တောင့်တနေကြသည့် ပြည်သူတို့၏ ဆန္ဒကို မသိကျိုးကျွန်လိုသည့်သဘော၊ ဒေသအလိုက် စစ်နယ်ရှင်များသဖွယ် အာဏာထူထောင်နေကြရသည်ကို ပျော်မွေ့နေကြသည့် သဘော၊ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေဖြင့် ရရှိနေသည့် အကျိုးစီးပွားများကို မစွန့်လွှတ်နိုင်သည့် သဘောတို့ကို တွေ့မြင်ရပြီး ငြိမ်းချမ်းရေးကို ပြက်ရယ်ပြုသူများ၊ ကမ်းလှမ်း သည့် လက်ကို ကျောခိုင်းသူများ၊ ရိုးသားဖြောင့်မတ်မှု အလျှင်းကင်းမဲ့သည့် တုံ့ပြန်မှုများကို လက်နက်ကိုင်အဖွဲ့အစည်းအချို့၌ တွေ့ရှိရသည်။ ပြည်ပနိုင်ငံများ၏ စွက်ဖက်နှောင့်ယှက်မှုများကလည်း နိုင်ငံအတွင်း၌ ထာဝရမငြိမ်းချမ်းစေရေး၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဆိုးရွားပြင်းထန်လာစေရေးအတွက် မီး‌လောင်ရာ လေပင့်သည့်အပြင် လောင်စာဆီပါ လောင်းထည့်ပေးလျက် ရှိကြသည်။

ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှု များကို ထောက်ခံပြီး ပြည်ပနိုင်ငံအချို့၏ စွက်ဖက်နှောင့်ယှက်မှုများကို ရှုတ်ချသည့် ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၌ ကျင်းပခဲ့ရာ ပြည်သူတို့၏ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သည်။ နိုင်ငံ‌ရေးပါတီတစ်ခုက ကမကထပြုပေးခဲ့ခြင်း ဖြစ်သည့်တိုင် ငြိမ်းချမ်းရေးသည် ပြည်သူတစ်ရပ်လုံးက လိုလားသည့် ဆန္ဒအမှန်ပင်ဖြစ်ရာ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒနှင့်အညီပင် ဖြစ်ပါကြောင်း။ ။