Skip to main content

ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် အရေးပါသည့် အင်အားစု

၁၉၆၅ ခုနှစ်မှစတင်၍ နှစ်စဉ် မေလ ၁၂ ရက်နေ့ ကျရောက်တိုင်း ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day) သည် ယခုနှစ်တွင် (၅၈) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် သူနာပြုများ၏အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည့်အလျောက် ကမ္ဘာတစ်ဝန်းရှိ သူနာပြုများအား ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကျင်းပခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ကမ္ဘာတစ်ဝန်းလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံအသီးသီးတွင် လူအမြောက်အမြား အသက်ဆုံးရှုံးခဲ့ရာတွင် ကူးစက်မြန် ကပ်ရောဂါနှင့် ရင်ဆိုင်တိုက်ပွဲဝင်ကြရသည့် ကာလတစ်လျှောက်လုံး၌ သူနာပြုတို့၏ အခန်းကဏ္ဍမှာ ပို၍ပင်ထင်ရှားလာခဲ့သည်။ လူနာများကို ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် ဆရာဝန်များက ကုသမှုပိုင်းကို ဆောင်ရွက်ကြရပြီး သူနာပြုများက ပြုစုစောင့်ရှောက်မှုပိုင်းကို ဆောင်ရွက်ကြရခြင်းဖြစ်ရာ ဝေဒနာရှင် လူနာများနှင့် ပိုမို၍အနီးကပ်ထိတွေ့ပြီး ပြုစုစောင့်ရှောက်ကြရသူများဖြစ်သည့်အလျောက် သူနာပြုလုပ်ငန်းကို ဝါသနာပါသူ၊ လူနာများအပေါ် ကရုဏာ၊ စေတနာ အပြည့်အဝထားရှိနိုင် သူတို့သာလျှင် သူနာပြုတာဝန်ကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သည်။

သူနာပြုလောက၏မိခင်ကြီးဖြစ်သော ဖလောရင့်စ်နိုက်တင်ဂေး၏ မွေးနေ့ မေလ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဟု သတ်မှတ်ခဲ့သလို ကမ္ဘာတစ်ဝန်းမှ ထူးချွန်သော သူနာပြုများကို ဖလောရင့်စ်နိုက်တင်ဂေးဆုတံဆိပ်များ ချီးမြှင့်လျက်ရှိသည်။ ယင်းဆုကို ပဋိပက္ခ သို့မဟုတ် ဘေးအန္တရာယ်များ ကျရောက်နေချိန်တွင် ဒဏ်ရာ ရရှိသူ၊ နာမကျန်းဖြစ်နေသူ၊ မသန်စွမ်းများနှင့် ဒုက္ခသည်များကို စွမ်းစွမ်းတမံ ပြုစုစောင့်ရှောက်သည့် သူနာပြုနှင့် သူနာပြုအကူများအား ချီးမြှင့်ခြင်းဖြစ်သည်။ ဖလောရင့်စ်နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံမှ ဆွတ်ခူးရရှိသူ သူနာပြုလေးဦးရှိခဲ့ရာ အမှတ်(၂) တပ်မတော်စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူး ဒေါ်ခင်အုန်းမြ (၁၉၆၃ ခုနှစ်)၊ မူဆယ် ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်အမ်ယာနမ် (၁၉၉၃ ခုနှစ်)၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သောင်သွပ် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်သိန်းရီ (၂၀၀၁ ခုနှစ်) နှင့်ဟိုင်းကြီးကျွန်း တိုက်နယ်ဆေးရုံမှ အထက်တန်း သူနာပြု ဦးစနိုင်နိုင်ထွန်း (၂၀၁၅ ခုနှစ်) တို့ဖြစ်သည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ကပ်ရောဂါသည် မိမိတို့နိုင်ငံတွင် ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် လျော့ကျသွားခဲ့ပြီးဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံအချို့တို့တွင် ဆက်လက်ကူးစက် ပျံ့နှံ့နေဆဲ အခြေအနေဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့်လည်း မပြတ်သောသတိဖြင့် ဆက်လက်စောင့်ကြည့်နေရဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ကမ္ဘာတစ်ဝန်းလုံး၌ သူနာပြုများ သန်းနှင့်ချီ၍ အရေးတကြီး လိုအပ်နေသည့်နည်းတူ မိမိတို့နိုင်ငံတွင်လည်း သူနာပြုအင်အား လိုအပ်ချက်များရှိသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ အာဖရိက၊ အရှေ့တောင်အာရှ၊ တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင် သူနာပြုလိုအပ်ချက် များပြားခြင်းကြောင့် အစိုးရများအနေဖြင့် သူနာပြုများ ပိုမိုမွေးထုတ်နိုင်ရေး ပညာရေးနှင့် လုပ်ငန်းနယ်ပယ်တို့တွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းထားသည်။

သူနာပြုများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်တွင် ဆရာဝန်များနှင့်အတူ အရေးပါသောကဏ္ဍမှ ပါဝင်ကြသူများဖြစ်ပြီး ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ပြင်းထန်သည့် ကာလများတွင် ရှေ့တန်းမှ စွန့်စားထမ်းဆောင်ခဲ့ကြသူများလည်း ဖြစ်သည်။ ဝေဒနာ ခံစားနေရသူများကို ပြုစုစောင့်ရှောက်ကြရာတွင် စေတနာ၊ ကရုဏာ၊ ဝါသနာတို့ကို အရင်းခံ၍ ပြုစုစောင့်ရှောက်ကြကာ ကျန်းမာရေးအသိပညာပေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး တို့တွင်လည်း အရေးပါသော ပင်မကျောရိုးအင်အားစုဖြစ်သည့် သူနာပြုအပေါင်းတို့အား ဂုဏ်ပြုအပ်ပါကြောင်း။ ။