နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန် စတင်ထမ်းဆောင်ခဲ့သည့်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အကောင် အထည်ဖော်နိုင်ရန် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးထည့်သွင်းပြီး အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေး သည် နိုင်ငံအတွက် အသက်တမျှအရေးကြီးပြီး ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တန်းတူညီမျှဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ငြိမ်းချမ်းရေးရရှိရေးတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသည် အဓိကကျသောကဏ္ဍတွင်ရှိနေ၍ တပ်မတော်အနေဖြင့် EAOများ အဆိုပြုထားသည့် NCA လမ်းကြောင်း ပေါ်တွင် အခိုင်အမာရပ်တည်ပြီး ငြိမ်းချမ်းရေးခရီး လမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိသည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာထားသည့် အကြမ်းဖက်အဖွဲ့များမှအပ မည်သည့်တိုင်းရင်းသားအဖွဲ့များကိုမဆို တွေ့ဆုံ ဆွေးနွေးသွားမည်ဟု အတိအလင်းပြောကြားထားပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ် ကြိုဆိုလျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေး၊ လူမျိုးရေး၊ ယုံကြည်ချက် မတူကွဲပြားမှုကြောင့် လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏နယ်မြေဒေသတွင် ၎င်းတို့၏ ရပ်တည်ချက်ကို အခိုင်အမာဆုပ်ကိုင်ပြီး လက်နက်စွဲကိုင်ထားသော အဖွဲ့အစည်းဖြစ်သည်။ မိမိတို့ဒေသတွင် မိမိတို့အားဖြင့် မျှခြေသဘောမျိုး ရပ်တည်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုကြီး အတွင်း စိတ်သဘောထားချင်း ကွဲလွဲနေသည့် ညီအစ်ကိုမောင်နှမများသဖွယ်ဖြစ်သည်။ ထို့ကြောင့် သဘောထားကွဲလွဲမှုကို ပေါင်းစပ်ညှိနှိုင်းပြီး ချစ်ချစ်ခင်ခင်ညီညီညွတ်ညွတ် နေထိုင်နိုင်ရန် ကြိုးပမ်း လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး ကို ခေတ်အဆက်ဆက် အစိုးရများကကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ကောင်းမွန်သည့်ရလဒ်အဖြေမရဘဲ နှစ်ပေါင်း ၇၀ ကျော်ကြာ ခရီးဝေးနေဆဲဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေးကို မဖြစ်မနေရရမည်ဟု လိုလားချက်အတိုင်း အစိုးရနှင့်အတူ ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ သည်။ ငြိမ်းချမ်းရေးတွင် ပထမဦးစွာအရေးကြီးသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စာချုပ်ဖြစ်ပေါ်လာရန်အတွက် တစ်နှစ်နှင့်ကိုးလကြာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဦးစွာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ သည်။ ၂၁ ဖွဲ့တွင် ၁၆ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခဲ့ပြီး NCA စာချုပ်တွင် အမှန်တကယ်လက်မှတ်ရေးထိုးသောအခါ ၁၆ဖွဲ့တွင်ရှစ်ဖွဲ့သာလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုမှတစ်ဆင့်နောက်ထပ် နှစ်ဖွဲ့လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုအခါ NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့ရှိသည်။ ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း သုံးခုမှ ၂၀၂၀ ပြည့်နှစ်အလွန်တွင် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ ကို ၂၀၂၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ညှိနှိုင်းရေးအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ သဘောထားစုစည်းချက် ရှစ်ချက်ရရှိခဲ့သည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်နေသော်လည်း အချို့ EAO တို့သည် နိုင်ငံရေး အပြောင်းလဲကို အကြောင်းပြုပြီး NUG၊ CRPH၊ PDF တို့နှင့်ပူးပေါင်း၍ အကြမ်း ဖက်တိုက်ခိုက်မှုများတွင် ပါဝင်လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့်ပတ်သက်ပြီး နှောင့်ယှက်တိုက်ခိုက်မှုများတွင် ပါဝင်လုပ်ဆောင်နေသည်။ ထိုသို့လုပ်ဆောင်မှုများကြောင့် တပ်မတော်သည် တိုင်းရင်းသားပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရှင်းလင်းဖယ်ရှား မှုများလုပ်ဆောင်နေသည်။ များသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေးကို လိုလားကြပါသည်။ ၎င်းတို့ရည်မှန်းထား သည့်အတိုင်း ဖြစ်မလာသေး၍ ငြိမ်းချမ်းရေးကို အပြည့်အဝမရရှိသေးခြင်းဖြစ်သည်။
ကျွန်ုပ်တို့အားလုံး၏ရည်မှန်းချက်သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါသည်။ အားလုံး၏ရည်မှန်းချက်သည် ဒီမိုကရေစီကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံဖြစ်ရမည်ဟု ရည်မှန်း ထားသည်။ ယင်းသည် အားလုံး၏တူညီသည့်ရည်မှန်း ချက်ဖြစ်သည်။ တူညီသည့်ရည်မှန်းချက်ကို ညှိနှိုင်းကာ အတူလက်တွဲလုပ်ကိုင်ပြီး မတူညီမှုများကို ဆက်လက်အဖြေရှာ လုပ်ကိုင်ဖို့သာလိုသည်။ သို့မှသာ မျှော်မှန်းထားသည့် ပန်းတိုင်နှင့် နီးစပ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးကို အထူးကြိုးပမ်း ဆောင်ရွက်နေရာ အားလုံးဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်