မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံစီးပွားရေး အဓိကနိုင်ငံဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေ တောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ စိုက်ပျိုးမွေးမြူထုတ်ကုန်များမှ ပြည်ပဝင်ငွေရရှိရေး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တောင်သူလယ်သမားကြီးများက တာဝန်ယူကာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနေ ကြခြင်းကြောင့်သာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး အာဟာရပြည့်ဝစွာ၊ အစားအစာ ဘေးကင်းလုံခြုံစွာ စားသုံးခွင့်ရရှိနေကြခြင်း ဖြစ်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားခြင်းနှင့် နိုင်ငံရေးအပြောင်းအလဲတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခြင်း စသည့်အကြောင်းတရားများကြောင့် လယ်ယာစိုက်ပျိုးရေး ကျဆင်းပြီး စားနပ်ရိက္ခာထုတ်လုပ်မှု ထိခိုက်လျော့နည်း စေနိုင်သည့်အခြေအနေများ ဖြစ်ခဲ့သော်လည်း လယ်ယာသားငါးထုတ်လုပ်မှု အရှိန်အဟုန်ကျဆင်းခြင်း မရှိခဲ့သည်မှာ တောင်သူလယ်သမားကြီးများ၏ ကြိုးပမ်းအားထုတ်မှု များကြောင့်ပင်ဖြစ်သည်။ ပြည်ပအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ် အချို့က မြန်မာနိုင်ငံတွင် လူဦးရေသန်းနှင့်ချီ၍ အငတ်ဘေးဆိုက် လိမ့်မည်ဟုပင် ထုတ်ဖော်ဝေဖန်ခဲ့ရာ ၎င်းတို့၏ တွက်ကိန်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့သည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက် လမ်းတံတား၊ ကျေးလက်ကုန်ထုတ် လမ်းတံတားစီမံကိန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ သောက်သုံးရေရရှိရေး လုပ်ငန်းများ ကြောင့် ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူနေမှုဘဝများမှာ များစွာတိုးတက်လာခဲ့ပြီး ကျေးလက် ဒေသများ၏ မြင်ကွင်းများမှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ကျေးလက်ဒေသ၏ ပင်မစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများအတွက် ပညာပေးအစီအစဉ်များ၊ ဈေးကွက်နှင့် ငွေကြေးဆိုင်ရာ အကူအညီပေးမှုများကလည်း စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတို့ကို မြင့်မားတိုးတက်စေသည်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အရေး ကြီးသည့်အချက်မှာ ကျေးလက်ဒေသမှ လူ့စွမ်းအားအရင်းအမြစ် များပင်ဖြစ်သည်။ နိုင်ငံတွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်၏ အများစုကြီးမှာ ကျေးလက်ဒေသများတွင် ရှိနေပြီး ပြည်တွင်းနှင့် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အမြောက်အမြားထွက်ခွာလျက်ရှိကြရာ အဓိကအချက်မှာ လယ်ယာလုပ်ငန်းခွင်မှ ဝင်ငွေက ဆွဲဆောင်မှု မရှိခြင်းကြောင့်ပင် ဖြစ်သည်။ အောက်ခြေလယ်ယာလုပ်သားများ၏ မိသားစုများတွင် ပညာရေးအား ဖြင့်လည်း ပျမ်းမျှအားဖြင့် အခြေခံပညာအလယ်တန်း အောက်အဆင့်မျှသာဖြစ်သည့်အတွက် ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်း၊ ဝင်ငွေရလမ်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။
မိမိတို့နိုင်ငံကိုလယ်ယာထုတ်ကုန်များ တင်ပို့ရောင်းချသည့် နိုင်ငံအဆင့်မှသည် စိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံ၊ နည်းပညာမြင့် စက်မှုနိုင်ငံ စသည်ဖြင့် အဆင့်ဆင့်တည်ဆောက်သွားရမည့် ခရီးရှည်အတွင်း တောင်သူလယ်သမားများ၏ကဏ္ဍမှာ အနာဂတ် ကာလများစွာအထိ အရေးပါနေမည်ဖြစ်သည်။ တောင်သူ လယ်သမားတို့၏ လူနေမှုဘဝများ မြင့်မားရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် အဓိကအကျဆုံးမှာ တောင်သူလယ်သမားများပင်ဖြစ်ရာ ထက်သန်သည့် စိတ်ဓာတ်၊ မြင့်မား သည့် ဉာဏ်ပညာ၊ ကြီးမားသည့် လုံ့လဝီရိယတို့ဖြင့် အားထုတ်ကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်