Skip to main content

နိုင်ငံတကာဥပဒေကို လေးစားမှုဖြင့်တုံ့ပြန်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။

ကုလသမဂ္ဂ၏ အဓိကတရားရေးမဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် ယခုကိစ္စရပ်အား နိုင်ငံတကာ တရားဥပဒေနှင့်လျော်ညီစွာ သမာသမတ် ကျကျဆုံးဖြတ်မည်ဟု နက်ရှိုင်းသော ယုံကြည်မှုနှင့်အတူ မြန်မာနိုင်ငံက တင်သွင်းခဲ့ သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး လျှောက်လဲချက်များနှင့်ပတ်သက်၍ တန်ပြန်လျှောက်လဲမှုများ ပြုလုပ်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တရားရုံးသို့ရောက်ရှိလာသော နိုင်ငံအချင်း ချင်း ဆက်ဆံရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ တရားရုံး၏ စီရင်ပိုင်ခွင့်နှင့်သက်ဆိုင်သည့် ဥပဒေများအပြင် တရားရုံးသို့ အမှုစွဲတင်ခွင့်အပေါ် သတ်မှတ်ချက်များကိုအမှုနှင့် သက်ဆိုင်သော ဥပဒေများအဖြစ် မှတ်ယူဆုံးဖြတ်ရမည် ဖြစ်သည်။

နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေ၏ စံနှုန်းများကို လေးစားလိုက်နာရာတွင် အခြားသော ကျန်ရှိသည့် ဥပဒေစံနှုန်းများကိုပါ တိကျစွာ လေးစားလိုက်နာသွားရန် အရေးကြီးပါသည်။ အပြည်ပြည်ဆိုင်ရာတရား ဥပဒေစနစ် ကို ဆက်လက်ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘုံသဘောထားများကို အတိအကျလေးစားလိုက်နာမည်ဖြစ်သည့် အကြောင်း အဖွဲ့ဝင်နိုင်ငံများအားလုံးက ယုံကြည်လက်ခံလာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတကာ တရားဥပဒေ စံနှုန်းများကို အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တန်ဖိုးထားလေးစားမည်ဟူသည့် ယုံကြည်ချက်ဖြင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့က ဥပဒေများကို လေးစားလိုက်နာကာ ပြန်လည်တုံ့ပြန် ရှင်းလင်းတင်ပြလျက်ရှိသည်။

ယခုကိစ္စရပ်သည် အိန္ဒိယနှင့်မြန်မာနိုင်ငံတို့အပေါ် ကိုလိုနီခေတ်အုပ်ချုပ်မှုမှစတင်၍ အကြောင်းအကျိုးဆက်ကာ ဖြစ်ပေါ်လာခဲ့ သည့် ရှည်လျားရှုပ်ထွေးသော ပြဿနာရပ်အား စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရက ကြိုးပမ်းလျက်ရှိသည်။ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များကို သံတမန်နည်းလမ်း၊ လုပ်ငန်းအဖွဲ့များ အကြား နှစ်နိုင်ငံသဘောတူညီမှု၊ လူသားချင်းစာနာထောက်ထားမှု စသည်တို့ဖြင့် တိုးတက်ဖြစ်ထွန်း မှုများရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နေပြီး တရားစွဲဆိုမှုနှင့်ပတ်သက်၍လည်း တရားရုံးမှချမှတ်ထားသော အစီအမံများအတိုင်း အလေး အနက်ထား ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

အမှန်တကယ်တွင် ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်စပ်ပတ်သက် ခြင်းမရှိသော မိုင်ပေါင်းထောင်ချီဝေးလံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိုအိုင်စီ၏ တာဝန်ပေးချက်အရ အိုအိုင်စီ ကိုယ်စား တရားစွဲဆိုပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ပေ။ အိုအိုင်စီသည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး၏ဥပဒေအရ အငြင်းပွားမှု တင်သွင်း ခွင့်မရှိပေ။ ထို့အပြင် ဂမ်ဘီယာနိုင်ငံသည် နစ်နခသူနိုင်ငံမဟုတ်သည့်အပြင် တရားစွဲဆိုခွင့်လည်း မရှိပေ။ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူ စာချုပ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှုမရှိပါက တရားစွဲခွင့်ပေးမထားပေ။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ အာတီကယ် (၈) ကို ခြွင်းချက်ပြုလုပ်ထား၍ မည်သည့်စာချုပ်ဝင်နိုင်ငံကမဆို ကုလသမဂ္ဂ၏ အဖွဲ့အစည်းများ (အပြည်ပြည်ဆိုင်ရာတရားရုံးအပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် လိုက်နာရန်မလိုပေ။ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အာတီကယ်(၉)အရ တရားရုံးသို့ အမှုတင်သွင်းရန် အဖွဲ့ဝင်နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန်လိုအပ်ရာ မြန်မာနိုင်ငံ နှင့် ဂမ်ဘီယာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုလုံးဝမရှိပေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ မှန်ကန်တိကျသော ကနဦး ကန့်ကွက်လွှာများတင်သွင်းခဲ့ပြီး ကျန်ရက်များတွင်လည်း တိကျခိုင်မာသော အချက်အလက်များဖြင့် လျှောက်လဲချက်များ တင်သွင်းဦးမည်ဖြစ်ရာ တော်တည့်မှန်ကန်သော တရားမျှတမှု၊ ကမ္ဘာ့နိုင်ငံများ လေးစားလက်ခံမှု ရရှိမည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်