မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အဝန်းနှင့် မှီတင်းနေထိုင်ကြသော ပြည်သူများအချိုးအရ ချောင်ချောင်ချိချိ နေထိုင်လုပ်ကိုင်နိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအားထားလုပ် ကိုင်နိုင်သည့် ရေခံမြေခံကောင်းမွန်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေ ၅၅ သန်းကျော် နေထိုင်ပြီး အသက် (၁၈) နှစ်အထက် လူဦးရေမှာ ၃၇ သန်းကျော်ခန့်ရှိသဖြင့် အလုပ်လုပ်နိုင်စွမ်း ရှိသည့် လူသားအရင်းအမြစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။
အမှန်တကယ်တွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဟုဆိုသော်လည်း မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများစွာရှိသည့် အပြင် စက်မှုလုပ်ငန်းနှင့်ဆက်စပ်နေသည့် တွင်းထွက်သယံဇာတများ နိုင်ငံအနှံ့တွင် ရှိနေသည်။ သဘာဝသယံဇာတပစ္စည်းများ အမြောက် အမြားထွက်ရှိသော်လည်း ကုန်ချောအဖြစ် မထုတ်လုပ်နိုင်သည်မှာ နည်းပညာ၊ အရင်းအနှီးနှင့် ကျွမ်းကျင်သူ ပညာရှင်များ လိုအပ်နေသောကြောင့်ဖြစ်သည်။ အချို့နိုင်ငံများမှာ သယံဇာတပစ္စည်းများ မထွက်ရှိသော်လည်း နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်သူများ နှင့် အရင်းအနှီး အလုံအလောက်ရှိသောကြောင့် နိုင်ငံကြွယ်ဝချမ်းသာနေသည်ကို တွေ့ရသည်။
အဓိကမှာ လူသာလျှင် ပဓာနဟုဆိုချင်သည်။ အရင်းအနှီးမှာ ရှာဖွေစုဆောင်းလျှင် ရနိုင်ပြီး နည်းပညာ၊ အတတ်ပညာများ၊ ဆန်းသစ်တီထွင်မှု များ ရယူတတ်မြောက်နိုင်ရန် ကြိုးစားအား ထုတ်ဖို့လိုအပ်ပေသည်။ လူသားအရင်းအမြစ် များရှိသော်လည်း မိမိနိုင်ငံ၊ မိမိလူမျိုး ကြီးပွား တိုးတက်ရမည်ဟူသည့် ခံယူချက်၊ စိတ်ထားများမထားရှိဘဲ သမားရိုးကျအလုပ်လုပ်ကိုင်နေလျှင် မည်သည့်အချိန်တွင်မှ တိုးတက်လာမည် မဟုတ်ပေ။ နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်လုပ်နိုင်
သော အခြေအနေများဖန်တီးပေးပြီး အလုပ်လုပ်ကြရန်သာ တိုက်တွန်းနှိုးဆော်နိုင်ပေသည်။ အမှန်တကယ်တိုးတက်အောင် အလုပ်လုပ်ကြရန် မှာ ပြည်သူများ၏ တာဝန်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ကျန်းမာရေးနှင့်ပညာရေးသည် အခြေခံကျသည့် အရေးကြီးသောကဏ္ဍများဖြစ်သည်။ အသိဉာဏ်ပညာ ဆင်ခြင်တုံတရားမြင့်မားသော လူသားအရင်းအမြစ်များ ပေါများမှသာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးမှအစ အစစအရာရာတွင် ကောင်းမွန်တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၌ လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်များ နှစ်စဉ်ရှိနေသည်။ ထိုသို့လိုအပ်ချက် များရှိနေချိန်တွင် နိုင်ငံရေးကိုအကြောင်းပြု၍ ပြုန်းတီးသွားသော လူ့အရင်းအမြစ်များမှာ နိုင်ငံအတွက် များစွာနစ်နာလှပေသည်။
အမှန်တကယ်တွင် နိုင်ငံရေးနှင့်တိုင်းပြည်အရေးကို ခွဲခြားရှုမြင် လုပ်ကိုင်ဆောင်ရွက်ရန်လို ပေသည်။ နိုင်ငံ့ဝန်ထမ်းများသည် တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးစီးပွားများကို ဖော်ဆောင်ရ သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းများသည် နိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်သည်။ ယခုအခါ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်ကို အကြောင်းပြု၍ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွင် ကာလရှည်ကြာလုပ်ကိုင်ခဲ့သော လုပ်ငန်းခွင်ကိုပစ်ပယ်၍ CDM ပြုလုပ်ခဲ့သော ဝန်ထမ်းများစွာရှိရာ နိုင်ငံနှင့်ပြည်သူလူထုအကျိုးအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် တိုင်းပြည်နှင့်လူမျိုးအကျိုးကို မထောက်ထားဘဲ ကိုယ်ကျိုးရှာ နိုင်ငံရေးသမား များကြောင့် တိုင်းပြည်၏လူသားအရင်း အမြစ်များ လျော့နည်းသွားခဲ့သည်။
၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံတော်ကမွေးထုတ်ပေးလိုက်သော ဆေးပညာရှင် အမြောက်အမြားရှိပြီး အားလုံးသည် ပြည်သူ့ကျန်းမာရေးစောင့် ရှောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြပါက တိုင်းပြည်မှ လိုအပ်နေသည့်ပမာဏထက်ပင် ပိုမိုနေမည်ဖြစ်သည်။ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတော်က လေ့ကျင့်မွေးထုတ်ပေးထားသော ဝန်ထမ်းများဖြစ်၍ နိုင်ငံ့တာဝန်များကို ပြန်လည်ထမ်းဆောင် ကြရန်လိုအပ်ပေသည်။ နိုင်ငံတော်က အကုန်အကျ အမြောက်အမြားခံ ကာသင်ကြားပေးလိုက်သောအသိပညာ၊ အတတ်ပညာများအား တိုင်းပြည် အတွက် ပြန်လည်အသုံးမချနိုင်တော့သည်ကို စဉ်းစားကြည့်လျှင် စိတ်မကောင်းစရာဖြစ်သည်။ စိတ်ခံစားချက်အရလည်းကောင်း၊ အသုံးချခံရ၍လည်းကောင်း လူသားအရင်းအမြစ်ဆုံးရှုံးခြင်း သည် နိုင်ငံရေးအတွက်အမြတ်မထွက်ဘဲ တိုင်းပြည်နှင့် လူမျိုးနစ်နာသည်သာ အဖတ်တင်သည်။
မြန်မာနိုင်ငံတွင် ရေခံမြေခံ အခြေခံကောင်းများစွာရှိနေသဖြင့် အပြည့်အဝ အသုံးချနိုင်မှုနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိထိရောက် အောင်ဆောင်ရွက်မည်ဟူသည့်ခံယူချက်များ ထားရှိလုပ်ကိုင်နိုင်မှုလိုအပ်နေသည်မှာ ထင်ရှားပေသည်။ လိုအပ်သောစိတ်ဓာတ်နှင့် ခံယူချက် များကို ပြုပြင်တည့်မတ်ကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအား အကျိုးပြုသော၊ မြင့်မားသောဘဝများ ဖန်တီးပေးမည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်