Skip to main content

ကျန်းမာရေးအတွက် ဆေးတစ်လက်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို လူတိုင်းအလိုရှိ ကြသည်။ အလိုရှိကြသည့်အလျောက် ဆုတောင်းဆုပေးလည်း ပြုကြသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးဟုဆိုရာတွင် ကျန်းမာရေးက အရင်းခံကျသည်။ စည်းစိမ်ချမ်းသာ မည်မျှကြွယ်ဝပြည့်စုံစေကာမူ ကျန်းမာရေး မပြည့်စုံပါက ချမ်းသာသည်မမည်။ သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက ကျန်းမာရေးအသိဖြင့် နေ့စဉ်ဘဝကို ကျန်းမာရေးနှင့် ညီညွတ်စွာသွားလာလှုပ်ရှား နေထိုင်စားသောက် နိုင်ကြရန်လိုသည်။

တစ်ကိုယ်ရေသန့်ရှင်းရေး၊ အန္တရာယ်ကင်း၍ အာဟာရပြည့်ဝစွာ စားသုံးရေး၊ သန့်ရှင်းသောရေ၊ လုံလောက်စွာ အနားယူမှု၊ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု၊  မိမိနေထိုင် ရာပတ်ဝန်းကျင် (ရေ၊ မြေ၊ လေ) တို့ သန့်ရှင်းရေး၊ စိတ်ဖိစီးမှုများလျှော့ချရေး အစရှိသော ခေါင်းစဉ်များက လူတိုင်းလူတိုင်း၏ နေ့စဉ်ဘဝများတွင် သတိပြုကြရမည့်အချက်များဖြစ်ပြီး ကျန်းမာသုခနှင့် ပြည့်စုံရေးအတွက် မိမိအသက်နှင့် လိုက်လျောညီထွေသည့် ကိုယ်လက်လှုပ်ရှား မှုကို နေ့စဉ်မှန်မှန် ပြုလုပ်ရန်ဟူသောအချက်ကို ထပ်မံဖြည့်စွက်ရမည်ဖြစ်သည်။

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် စနစ်တကျ နေ့စဉ်အချိန်မှန်မှန် ပြုလုပ်ကြရသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံစံအမျိုးမျိုးရှိရာ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုကို ကာကွယ်ခြင်း၊ ရောဂါဖြစ်ပွားနှုန်း လျော့ကျစေခြင်း၊ ရောဂါရှိနေသည့်တိုင်အောင် ကျန်းမာစေ နိုင်ခြင်းဟူသော ရလဒ်များကို ရရှိစေနိုင်သည်။ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ၊ သွေးတိုး၊ သွေးချို ဆီးချို၊ အဝလွန်၊ သွေးတွင်းအဆီ ဓာတ်များ၊ သွေးကြောပိတ်၊ ခါးနာ၊ အဆစ် အမျက်ရောင်၊ ကင်ဆာ၊ စိတ်ကျ၊ မှတ်ဉာဏ်ချွတ် ယွင်း၊ သူငယ်ပြန် အစရှိသောရောဂါများဖြစ်ပြီး ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၃၈ သန်း ခန့်ကို မရဏတိုင်းပြည်သို့ အရောက်ပို့နေသော ရောဂါများဖြစ်သည်။ ထိုအထဲတွင် အရွယ်ကောင်းများက ၁၆ သန်းခန့်ပါဝင်သည်။ မကူးစက်နိုင်သော ရောဂါများမှာ အများအားဖြင့် လူ့ပတ်ဝန်းကျင် နှင့် လူ့အပြုအမူ၊ အလေ့အကျင့်များကို အရင်းခံ ဖြစ်ပွားရခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော မကောင်းသည့် အကျင့်များကိုစွန့်ပယ်၍ ကျန်းမာရေးနှင့်အညီ နေထိုင်ခြင်း၊ ကျန်းမာမှုကို ကာကွယ်စောင့်ရှောက် မြှင့်တင်ခြင်းတို့ကို လူတိုင်းကိုယ်စီ ကျင့်သုံးခြင်းဖြင့် ဆေးရုံဆေးခန်း သွားကြရခြင်းမှ လွတ်ကင်းကြမည်ဖြစ်သည်။

ကျန်းမာရေးအတွက် နေ့စဉ်မှန်မှန် ကိုယ်လက်လှုပ်ရှားကြရေးတွင် လမ်းလျှောက်ခြင်းကို အလွယ်ကူဆုံးနှင့် အကောင်းဆုံးအဖြစ် ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးပညာရှင်များက ထောက်ခံ ထားကြသည်။ ငွေကုန်ကြေးကျလည်း အသက်သာဆုံးဖြစ်သလို အထူးတလည် သင်ကြားပေး ရန်မလိုသည့် နည်းလမ်းလည်း ဖြစ်သည်။ နေ့စဉ်မှန်မှန်၊ သက်သောင့်သက်သာအရှိန်ဖြင့်  ရှေ့တည့်တည့်ကြည့်၊ ဦးခေါင်းမတ်မတ်ထား၍ လျှောက်ခြင်းဖြင့် စတင်ရန်၊ အလေ့အကျင့်ရ လာသည့်အခါ တစ်ချက်တစ်ချက် အရှိန်မြှင့်တင်၍ နှလုံးခုန်မြန်လာ အောင် လျှောက်ရန်၊ ကုန်းအတက်များ၊ လှေကားအတက်များကို လေ့ကျင့်ခန်းအဖြစ် တက်ရန်၊ လမ်းလျှောက်ချိန်နှင့် အကွာအဝေးတို့ကို တတ်နိုင်သလောက်တိုးမြှင့်သွားရန် စသည့်အကြံပြုချက်များမှာ အလွယ် တကူ လုပ်ဆောင်နိုင်သလောက် အကျိုးများလှသည်ကို လက်တွေ့ပြု လုပ်သည့်အခါ သိရှိနိုင်သည်။

မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်နိုင်မှုနှင့် နိုင်ငံသားတို့၏ မျှော်မှန်းသက်တမ်းတို့မှာ ဒေသတွင်းနိုင်ငံများတွင် အနည်းဆုံး အခြေအနေသို့ ရောက်ရှိနေရာ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ကြဖို့လိုသည်။ အသက်ဉာဏ်စောင့်ဟူသော ဆိုရိုးနှင့်အညီ မိမိကိုယ် တိုင်ကျန်းမာရေးအတွက် စားသောက်နေထိုင်မှု အပြုအမူများတွင် ဂရုပြုကြရန်နှင့် နေ့စဉ် မှန်မှန်လမ်းလျှောက်ကြရန် အသက်ရှည်ရာ အနာမဲ့ကြောင်း အကျိုးမျှော်၍ တိုက်တွန်းအပ်ပါကြောင်း။ ။

မြန်မာ့လင်း အယ်ဒီတာ့အာဘော်