Skip to main content

နိုင်ငံ့အားသုံးအားကို ပြည်တွင်းအားဖြင့်တည်ဆောက်

၂၀၁၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့။ နှစ်ပေါင်း ၅၀ ကျော်ကြာ နိုင်ငံရေး နှင့် စီးပွားရေးတို့တွင် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း အလှည့်အပြောင်းအဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် စတင်ပေါ်ပေါက်လာသည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ဖူးသည့် အတွေ့အကြုံရှိခဲ့သည့်တိုင်အောင် ရာစုနှစ် ထက်ဝက်ကျော်မျှ ကင်းကွာနေခဲ့ပြီဖြစ်ရာ ပြန်လည်မွေးဖွားလာသည့် သီးကင်းနုနု ဒီမိုကရေစီ အခြေတည်မြဲမြံခိုင်ခံ့အောင် ထိုစဉ်က အစိုးရနှင့် ပြည်သူတို့များစွာ အားထုတ်ကြိုးပမ်းခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီစနစ်၏ ပွဲဦးထွက် အစိုးရအဖို့ အခက်အခဲများ၊ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ခေတ်သစ်စနစ်သစ်ကို ညင်သာစွာ ချောမွေ့စွာ ပြောင်းလဲနိုင် ခဲ့ပြီး အဖွင့်လှခဲ့သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးစနစ် အပြောင်းအလဲသည် အေးချမ်းတည်ငြိမ်စွာ အောင်မြင်ခြင်းနှင့်အတူ ပြည်သူအများ၏ ယုံကြည်ခြင်းကိုရရှိခဲ့ပြီး နိုင်ငံတကာတွင်လည်း မျက်နှာပန်းလှခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ ကုလသမဂ္ဂအာရှနှင့်ပစိဖိတ်ဒေသစီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ စသည့် နိုင်ငံတကာအဖွဲ့ အစည်းများက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည့် အခွင့်အလမ်းများကို ရှုထောင့်မျိုးစုံမှမြင်တွေ့နေရကြောင်း၊ မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ကာလလတ်အတွင်း ၇ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းအကြားရှိနေ၍ ၂၀၃၀ ပြည့်နှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း၊ လူတစ်ဦးချင်း၏ လက်ရှိဝင်ငွေသည် လည်းလက်ရှိအခြေအနေတွင် ဒေါ်လာ ၉ဝဝ မှ အနာဂတ်တွင် အမြင့်ဆုံး ဒေါ်လာ ၅၀၀၀ ခန့် တိုးလာနိုင်ကြောင်း၊ အစိုးရ၏မှန်ကန်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် လက်ရှိစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရရှိနေခြင်းဖြစ်ကြောင်း ခန့်မှန်းသုံးသပ်ခဲ့ကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှု ကဏ္ဍမှာ လွန်စွာအရေးကြီးသည်။ ဦးဆောင် ဦးရွက်ပြုမှုနှင့် အားကောင်းသည့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုတို့က နိုင်ငံဖွံ့ဖြိုး တိုးတက်စေသည့်အရှိန်အဟုန်နှင့် အင်အားပင်ဖြစ်သည်။ လက်ရှိအရေးပေါ်ကာလ အိမ်စောင့် အစိုးရအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည့် အချိန်အတိုင်းအတာအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခု ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းစီးပွားရေး တိုးတက်မှု မြှင့်တင်ရေး၊ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ရေး၊ တိုင်းရင်းသား ပြည်သူများ အားလုံးပါဝင်သည့် နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက်ရေးတို့ကို ပြည်တွင်း အားကို အခြေပြု၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ် ၂ လုံး ပူးပေါင်းပါဝင် ခြင်းဖြင့် နိုင်ငံအတွက် ဒေါက်သုံးဒေါက်သဖွယ်ဖြစ်သော အားသုံးအားကို ခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းတည်ဆောက်ရာတွင် အယူအဆ၊ မူဝါဒ၊ လုပ်နည်းလုပ်ဟန်တို့ ကွဲပြားခြားနားစေကာမူ အစိုးရအဆက်ဆက် တို့ပြည်သူနှင့်လက်တွဲကာ ပူးပေါင်းဆောင်ရွက် ကြရစမြဲပင်ဖြစ်သည်။ မိမိအာဏာမရတော့၍ နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး ဖန်တီးမည်ဆိုလျှင် အဖျက်သမားသာလျှင် ၊ ဖြစ်ပေမည်။ မိမိတို့ နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC)အဖြစ် မှ ရုန်းထွက်နိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသုံးအားကို အစိုးရနှင့်ပြည်သူ ညီညာလက်တွဲပူးပေါင်းသည့် ပြည်တွင်းအားဖြင့် တည်ဆောက်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်