ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဗီဇပြောင်း ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် နေ့စဉ်ကူးစက်ပျံ့နှံ့မှု စံချိန်တင် မြင့်မားလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ၂ စပ်လျဉ်း၍ ပြည်တွင်း၌ ငြင်းခုံနေကြဆဲဖြစ်သော အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကူးစက်မှုနှင့် အပတ်စဉ်ကူးစက်မှု နှုန်းတို့ စံချိန်တင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ ၆၁ သန်းကျော် တွေ့ရှိထားပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ခြိမ်းခြောက်နေသည့် အိုမီခရွန် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲဖြစ်ပွားမှုကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။ ပြည်ပနိုင်ငံအသီးသီးမှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသူများကို အသွားအလာ ကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတို့ ပြုလုပ်သည့် အစီအစဉ် အရ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရသည်။ ကူးစက်မြန်ပြင်းထန်သည့် ကိုဗစ်-၁၉ မျိုးကွဲ ဒယ်လ်တာထက်ပို၍ ကူးစက်မှုမြန်ဆန်သည်ဟု ဆိုသည့် အိုမီခရွန်မျိုးကွဲသည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့မည် ဆိုပါက ကျန်းမာရေးဆိုင်ရာ ဝန်ပိဖိစီးမှုများ ဖြစ်ပေါ်လာနိုင်သည့်အလျောက် ကြိုတင်ကာကွယ် မှုကို အထူးအာရုံစိုက် ဂရုပြုဆောင်ရွက်နေရခြင်းလည်းဖြစ်သည်။ ပြည်တွင်းကူးစက်မှုမရှိသေးသည့် အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပြည်ပမှဝင်ရောက်လာ နိုင်သည့်ဝင်/ထွက်ဂိတ်များ၊ ရေကြောင်း၊ လေကြောင်း ဝင်ပေါက်များမှ လာရောက်မည့် ခရီးသွားများ အသွားအလာကန့်သတ်မှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်မည့် အစီအစဉ်နှင့် ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ်ကြေညာချက် ကိုသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့အသိပေးထားပြီးလည်းဖြစ်သည်။
မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့ပြီး ဟိုတယ်ကွာရန် တင်းဝင်နေစဉ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားသည့် အမေရိကန်သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦးနှင့် အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးတို့ကို အမေရိကန်သံရုံးဝန်ထမ်း တစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ဟိုတယ်မှ လာရောက်ခေါ်ဆောင်သွားမှုက ဥပဒေချိုးဖောက်မှု ဖြစ်သကဲ့သို့ မြန်မာပြည်သူတို့ ကြိုးပမ်းဆောင်ရွက်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး တို့ကိုအလေးအနက်မပြုမှု၊ ဆိုးရွားစွာထိခိုက်စေ မှုလည်းဖြစ်သည်။ ထို့အပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများသည် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စံသတ်မှတ်ချက်များအညီသတ်မှတ်ထားသည့် အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူ ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု ကာကွယ် ရေးဆောင်ရွက်ချက်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နေခြင်းဖြစ်ရာ သံတမန်များအနေဖြင့် သံတမန်ကင်းလွတ်ခွင့်ကို မထိခိုက်စေ ဘဲ မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားကြရမည်ဖြစ်သလို လူသားတို့၏ ကျင့်ဝတ်ကိုလည်း စောင့်ထိန်းကြရန်လိုသည်။ မိမိတို့၏ အပြုအမူကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေမျိုးကို ရှောင်ရှားစောင့်စည်းကြရမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေပြီး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေကို ကြိုတင်မျှော်တွေးကာ မိမိတို့တွင်ရှိသည့် အင်အားအရင်းအမြစ်များကို စုစည်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေချိန်တွင် ဆင်ခြင်တုံတရားပြည့်ဝသည့် အပြုအမူ၊ ကောင်းမြတ်သည့် စိတ်နှလုံးတို့ဖြင့် ပူးပေါင်းကူညီခြင်းဖြင့်သာ သံတမန်ကောင်းတို့၏ အရည်အသွေးကို ပြသအပ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်