ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် (၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် “လူ့အခွင့်အရေးသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပယ်ဖျက်၍မရသော မွေးရာပါအခွင့်အရေးဖြစ်သော်လည်း မိမိတို့၏အခွင့်အရေးများကို ရရှိခံစားရာတွင် သူတစ်ပါး၏အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှုမရှိရလေအောင် ကျင့်သုံးခြင်းမှာလည်း လူ့အခွင့်အရေး၏ အရေးပါသောအနှစ်သာရတစ်ရပ်ဖြစ်သည်” ဟုဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံများအားလုံး ငြိမ်းချမ်းသာယာဝပြောရေးကိုရှေးရှုသည့် ကုလသမဂ္ဂအဖွဲ့ကြီး ဖွဲ့စည်းဖြစ်တည်ပြီးနောက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁)တွင် “လူသား အားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်” ဟူ၍ ဖော်ပြထားသည်။ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးသည် လူသားအားလုံး၏ ကိုယ်စီအခွင့်အရေးဖြစ်၍ ကမ္ဘာ့နိုင်ငံများအားလုံးမှ ပြည်သူများက လက်ခံအသိအမှတ်ပြုကြသလို မြန်မာနိုင်ငံအနေဖြင့်လည်း ယနေ့ထက်တိုင် အသိအမှတ်ပြု လက်ခံလေးစား တန်ဖိုးထားလျက်ရှိသည်။
လူ့အခွင့်အရေးသည် ကမ္ဘာ့နိုင်ငံများကြားတွင် ယနေ့ထက်တိုင် တွင်ကျယ်စွာ အသိအမှတ်ပြုလာခဲ့ရာတွင် လူသားတစ်ဦးချင်းစီအတွက် အမှန်တကယ်ထိုက်တန်သည့် အနှစ်သာရရှိရန်လိုသည်။ လူ့အခွင့်အရေးသည် ခွဲခြားဆက်ဆံမှု မရှိစေရေး၊ တန်းတူညီမျှဖြစ်ရေးတို့လည်းပါဝင်ပြီး မတူကွဲပြားသော လူသားများကြားတွင် အခြားသူတစ်ပါး၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားရေးအပြင် သူတစ်ပါး ထိခိုက်နစ်နာဆုံးရှုံးခြင်းမဖြစ်အောင် လိုက်နာကျင့်သုံးရန်လည်း လိုအပ်သည်။ လူ့အခွင့်အရေးကို တစ်ဖက်သတ်အမြင်ဖြင့် မရှုမြင်သင့်ဘဲ ဘက်ပေါင်းစုံအမြင်ဖြင့် ရှုမြင်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ လူသားအားလုံးအပေါ် အလေးထား ဆက်ဆံခြင်းဖြစ်မည်။
သို့သော် လူ့အခွင့်အရေးဟု ဆိုကြသော်လည်း ခွဲခြားဆက်ဆံမှုများ၊ တစ်ဖက်သတ်အမြင်ဖြင့် စွပ်စွဲဆက်ဆံလုပ်ကိုင်မှုများ ပြုလုပ်လာကြသည်ကိုတွေ့ရသည်။ လူ့အခွင့်အရေးကို ခုတုံးလုပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လာကြသည်။ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် Silence strike Campaign ပြုလုပ်ရန် အစွန်းရောက်နိုင်ငံရေးသမားအချို့က အွန်လိုင်းပေါ်မှ ပြည်သူများအား လှုံ့ဆော်ခဲ့သည်။ ပြည်သူများ လမ်းပေါ်သို့မထွက်ရန်၊ ဈေးဆိုင်များ၊ အလုပ်အကိုင်များ ရပ်နားထားရန် လှုံ့ဆော်ခဲ့သည်။ ထိုနေ့တွင် များသောအားဖြင့် ရောင်းဝယ်ဖောက်ကားသွားလာလုပ်ကိုင်ခြင်းများ နည်းပါးသွားသည်ကို တွေ့ရသည်။ များသောအားဖြင့် တိတ်ဆိတ်ခြင်းလှုံ့ဆော်မှုတွင် ပါဝင်ဆောင်ရွက် ခြင်းမဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြောက်တရားဖြင့် ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ ဤသည်မှာ လူ့အခွင့်အရေးလားဟု ဆင်ခြင်ကြည့်ရမည် ဖြစ်သည်။ လူ့အခွင့်အရေး၏ အနှစ်သာရများကို မှန်မှန်ကန်ကန်သုံးသပ်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအများစုသည် အခြေခံ လက်လုပ်လက်စားပြည်သူများဖြစ်ကြသည်။ တစ်နေ့လုပ်မှ တစ်နေ့စား ရုန်းကန် လှုပ်ရှားနေကြရသူ များပြားသည်။ ဤသို့အစွန်းရောက်နိုင်ငံရေးသမားအချို့၏ လှုံ့ဆော်မှုကြောင့် တစ်နေ့တာ အလုပ်အကိုင်များ ရပ်ဆိုင်းလိုက်ရခြင်းသည် လူတစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် စားဝတ်နေရေး ထိခိုက်ခဲ့ကြရပြီဖြစ်သည်။ အမှန်တကယ်တွင် ဤသို့ပြုလုပ်ခြင်းသည် လူတစ်ဦးချင်း၏လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းသာဖြစ်သည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်မှုယန္တရားပျက်ပြား နေသည်ဟု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြုလုပ်မှုနှင့် အဆိုပါနေ့ရက်တွင် ပုံမှန်သွားလာလျက်ရှိသော အများပြည်သူတို့ကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူ များအဖြစ်သတ်မှတ်ကာ ထိခိုက်ဒဏ်ရာရစေရန်အတွက် အကြမ်းဖက်ဖောက်ခွဲရေး ပြုလုပ်ရန် ကြံစည်သူများကိုလည်း ထုတ်ဖော်ဖမ်းဆီးရမိပြီးဖြစ်သည်။
သို့ဖြစ်ရာ လူ့အခွင့်အရေး၏အနှစ်သာရဖြစ်သည့် သူတစ်ပါး၏အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှုမရှိရလေအောင် ကျင့်သုံးရမည်ဖြစ်ရာ လူ့အခွင့်အရေးကို အသုံးချပြီး အများပြည်သူအကျိုးစီးပွားပျက်ပြားစေအောင် ပြုလုပ်ကြသည့် အကြမ်းဖက်သမားများ၊ အစွန်းရောက်များအား ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းဖယ်ရှားပြီး လူ့အခွင့်အရေးအနှစ်သာရ များနှင့်ပြည့်စုံသည့် အေးချမ်းသာယာဝပြောသော လူ့ဘောင်လောကကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။