Skip to main content

ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၃

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရန် ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေ၊ တက္ကသိုလ်ကျောင်းဝင်းအတွင်း နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးများသည် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ကျင်းပမည့် တက္ကသိုလ်အဝင်မုခ်ဦးဝသို့ သွားရောက်၍ သန့်ရှင်းရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် မန္တလေးတက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် ကမ္ပည်းမော်ကွန်း စိုက်ထူမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ကျောင်းသား ဟောင်းများ၊ အင်ဂျင်နီယာများ၏ တင်ပြချက်များကို ဒုတိယ ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ မန္တလေးတက္ကသိုလ်နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်ကျင်းပရေး စီမံချက်တွင်ပါဝင်သည့် ကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေ၊ ကော်မတီများက ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေ၊ ပြင်ဆင်ဆောင်ရွက်ဆဲအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များကို သတ်မှတ်အချိန်ဇယားနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးအတွက်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်