Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံမြေပဲ စိုက်ပျိုးမည့် သမဝါယမအသင်သားတောင်သူများသို့ အထွက်တိုးမြေပဲမျိုးများပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံမြေပဲစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ မြေပဲမျိုးများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရိုးဝကျေးရွာရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမအသင်းသား တောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

အခမ်းအနားတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သမဝါယမအသင်းများ၏ ဆီထွက်သီးနှံ စိုက်ပျိုးမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးသည့် သီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိမှသာ မိသားစုဝင်ငွေ တိုးပွားလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ သီးနှံပေါ်ပါက ယခုမြေပဲမျိုးတန်ဖိုးများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အပြေအကျေ ပြန်ဆပ်ရန်လိုအပ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍လည်း မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)၊ သမဝါယမကောလိပ် (ဖောင်ကြီးနှင့်မန္တလေး)၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)တို့ဖြင့် သမဝါယမပညာရပ်များကို သင်ကြားပို့ချလျက်ရှိရာ စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်သူများအနေဖြင့် ချိတ်ဆက်တက်ရောက်နိုင်ကြောင်း၊ ကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည်းကူး၊ မှော်ဘီ၊ သုံးခွ၊ ခရမ်း မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ သမဝါယမအသင်း ရှစ်သင်း၏ ဆီထွက်သီးနှံ စိုက်ဧက ၁၀၀၀အတွက် အထွက်တိုး မြေပဲမျိုးများ ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များနှင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူနိုင်ရေး တင်ပြချက်အပေါ် သမဝါယမဦးစီးဌာန မြန့်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ မြန်မာ့လက်မှုအနုပညာစင်တာ (MHC) သို့သွားရောက်၍ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေ ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံခြား ဝင်ငွေရရှိရေးအတွက် နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ဝယ်ယူနိုင်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်