Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်(ဇီးပင်ကြီး)ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် ရဲအရာရှိလေ့ကျင့်ရေးကျောင်းများ ကြည့်ရှု စစ်ဆေး

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ (ဇီးပင်ကြီး) ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း၊ အမှတ်စဉ်(၁)သို့ တက်ရောက်လျက်ရှိ သည့် သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်ကာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်၏ သတ်မှတ်ထားရှိသည့် မူဝါဒနှင့်အညီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီသူများကို အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁) အနေဖြင့် ယနေ့မှစတင်၍ သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သင်တန်းသား/ သင်တန်းသူများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ သိသင့်သိထိုက်သည့် ကိစ္စရပ်များကို လာရောက်မှာကြားခြင်း ဖြစ်ပါကြောင်း၊ လတ်တလော နိုင်ငံတကာတွင် ဖြစ်ပျက်နေသော ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း။ နိုင်ငံဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ မိမိတို့ဦးစီးဌာန၏ တာဝန်များ၊ မိမိတို့အတွက် ချမှတ်ပေးထားသော လုပ်ငန်းတာဝန်များကို တာဝန်ကျေ ပွန်စွာ ထမ်းရွက်ကြရန်လို အပ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အမြဲဂရုပြု ကာကွယ်စောင့် ရှောက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများ ရှိစေရေးအတွက် သင်တန်းပို့ချလေ့ကျင့်နိုင်ရန် သင်ရိုးဇယား ရေးဆွဲထားပြီး ကာကွယ် ရေးအမြင်များ ရှိစေရေးအတွက် အခြေခံလိုအပ်သည့် စစ်ပညာဘာသာရပ်များကိုပါ ထည့်သွင်း သင်ကြားနိုင်ရေး လျာထား ဆောင်ရွက်ထားရှိပါကြောင်း၊ ပို့ချသည့်ဆရာ/ဆရာမ များ၏ ပို့ချမှုများကို အလေးထား လိုက်နာကြရန်လိုအပ်ကြောင်း၊ နိုင်ငံအတွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအနေဖြင့် လွန်စွာအရေး ကြီးပါကြောင်း၊ နိုင်ငံတော်အတွင်း ဆူပူဆန္ဒပြရာမှ အဆင့်ဆင့် ဆိုးဝါးလာပြီး မင်းမဲ့စရိုက် ဆန်စွာဖြင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ရုံး/ဌာနများကို ဗုံးပစ်ခြင်း၊ မီးရှို့ခြင်း စသည်ဖြင့် အကြမ်းဖက် အဖွဲ့အစည်းပုံသဏ္ဍာန်ကဲ့သို့ လုပ်ရပ်များကို ဆိုးရွားစွာ ဆောင်ရွက်လာသည်ကို တွေ့မြင်ရ ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ဖြစ်စဉ်ဖြစ်ရပ်များကို ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ အနေဖြင့် မီဒီယာကျင့်ဝတ်ကို မျက်ကွယ်ပြုပြီး ကောလာဟလနှင့် သတင်းအမှားများကိုသာ လုပ်ကြံဖြန့်ချိနေသည်ကို (လူမှုကွန်ယက်) များပေါ်တွင် တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဥပမာ အားဖြင့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်မြို့နယ်၊ ကင်းမကျေးရွာကို အကြမ်းဖက် သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီး ခဲ့မှုအခြေအနေကို သိရှိကြမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် အစိုးရယန္တရားပိုမိုခိုင်မာ တောင့်တင်းအောင် ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း မှာကြားသည်။ သင်တန်းကို သင်တန်းသား/ သင်တန်းသူ (၂၅၀) ဖြင့် ယနေ့မှစ၍ သင်တန်းကာလ ရက်သတ္တပတ် (၁၀) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ် သင်ကြား နေသည့် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၀၄)ရှိ သင်တန်းသား/ သင်တန်းသူများ၏ သင်ခန်းစာပို့ချလေ့ကျင့်နေမှုများ၊ သင်တန်းခန်းမများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းသားများ၊ နည်းပြများ၏ သတင်းပို့မှုများကို ဖြေရှင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)