Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့ပြအိမ်ရာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသ ကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ်(၅၀၆)တွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ ရောက်ရှိပြီး တာဝန်ရှိ သူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေများကို တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌတို့က ယခု ပြည်သူ့အငှားအိမ်ရာ စီမံကိန်း ပထမအဆင့် အိမ်ခန်းပေါင်း (၅၀၀၈) ခန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဝင်ငွေနည်း ပြည်သူများအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ လက်ရှိအနေ အထားမပျက် အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်လိုပါကြောင်း မှာကြားပြီး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ စီမံကိန်းအဝင်နေရာတွင် သွားလာရေး လွယ်ကူအဆင်ပြေစေရန် တံတားတည်ဆောက်မည့် လျာထားနေရာ၊ ရေရရှိရေးအတွက် Check Structure တည်ဆောက်ပြီးစီးမှုနှင့် လမ်းဖောက်လုပ်မည့် နေရာအတွက် လိုအပ်နေသည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေး သည်။

ယခု တည်ဆောက်နေသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ်(၅၀၆)တွင် တည်ရှိပြီး အဆောက်အဦ အမျိုးအစားမှာ (၄)ခန်းတွဲ (၅)ထပ်၊ အဆောက်အဦ(၁၈၈)လုံး၊ အခန်းပေါင်း (၃၀၀၈)ခန်း တည်ဆောက်သွားမည်ဖြစ်ပြီး၊ ပထမ အဆင့်အနေဖြင့် အဆောက်အဦ (၉၁)လုံး၊ အခန်းပေါင်း (၁၄၅၆)ခန်းကို အကောင်အထည်ဖော် တည်ဆောက် လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ လျာထားလမ်းသစ် အခြေအနေတို့ကို ကြည့်ရှု စစ်ဆေး သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၆)မှ တာဝန်ယူ တည်ဆောက်နေသော မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် (၂၄၀ပေ×၂၄၀ပေ) R.C (၃)ထပ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ပြဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြို့ပတ်ကမ်းနား လမ်း(တာရိုး) ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် Sheet Pile ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားကြောင်း သိရသည်။

(သတင်းစဉ်)