Skip to main content

ရန်ကုန်မြို့ပေါ်ရှိ ကိုဗစ်-၁၉ ကုသရေးဌာနများ ပြင်ဆင်ထားရှိမှုနှင့် ပညာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရှိ Myanmar Convention Centre (MCC) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး သည်။

အဆိုပါနေရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၂၅၀)ကို လက်ခံကုသပေးနိုင်ရေးအတွက် လူနာခုတင်များ၊ လူနာအသုံး အဆောင်ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိပြီး လိုအပ်မည့် ဆရာဝန်၊ သူနာပြုများအပါအဝင် ဆေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစီအစဉ်ဖြင့်  တာဝန်ချ ထားဆောင်ရွက်မည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် Myanmar Convention Centre (MCC)တွင် ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ကုသရေးဌာန(မရမ်းကုန်း) (အင်းယားစင်တာ) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၅၀၀) လက်ခံကုသနိုင်ရေး ပြင်ဆင် ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ကိုဗစ်-၁၉ ကုသရေးဌာနများတွင် နိုင်ငံသား ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အချိန်နှင့်တစ်ပြေးညီ အခမဲ့ဆေးကုသမှုအပါအဝင် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)