Skip to main content

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်သူများမှ ခြိမ်းခြောက် အနိုင်ကျင့် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်

 

နေပြည်တော်၊ ဧပြီ ၁၄

          အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရေးနှင့် အများ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရေးတို့အတွက် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်လျက်ရှိရာ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ  အဆောက်အဦများအား မီးပုလင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်မီးရှို့ ​ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အလုပ်ဝတ္တရားများ ဆောင်ရွက်၍မရစေရန် လူအုပ်စုဖွဲ့၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးချုပ်နှောင်၍ လူ့ဂုဏ်သိက္ခာ ထိခိုက်စေသည့် ကျူးလွန်မှုများ ဆောင်ရွက်သည့်အပြင် အချို့နေရာများ၌ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။


          ထိုသို့အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိရာတွင် ယနေ့နံနက် ၁ နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာနေ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဇော်မြင့်သည် နေအိမ်တွင်ရှိနေစဉ် ဆူပူအကြမ်းဖက်သူ အမျိုးသား ၂ ဦးက သေနတ်များ ကိုင်ဆောင်၍ နေအိမ်အတွင်းသို့ ဝင်ရောက်လာကာ ဦးဇော်မြင့်အား ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ခြင်းမပြုရန်၊ လုံခြုံရေးအဖွဲ့များအား သတင်းပေးမလုပ်ရန်နှင့် နေအိမ်ရှေေ့တွင် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူးမလုပ်ကြောင်း စာကပ်ထားရန် ခြိမ်းခြောက်ပြောဆို ကာ ဦးဇော်မြင့်နှင့် ၎င်းဇနီး၏ ဖုန်း ၂ လုံးအား ယူဆောင်၍ နေအိမ်ရှေ့၌ သေနတ်ပစ်ဖောက်ကာ ထွက်ခွါသွားခဲ့ကြောင်း သိရသည်။     

          အလားတူ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သဖန်းကုန်း ကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဥက္ကာ သည် ၎င်း၏မိတ်ဆွေဖြစ်သူနှင့်အတူ နောင်ပိုအောင် ဈေးမှ ဈေးဝယ်ပြီး 3K/ 2148 Outlander မော်တော်ယာဉ်ဖြင့် နေအိမ်သို့ပြန်လာခဲ့ရာ နေအိမ်ရှေ့ အရောက်၌ ဆူပူအကြမ်းဖက်သူအမျိုးသား ၄ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဥက္ကာ သည် နေရာတွင်သေဆုံးခဲ့ပြီး ၎င်း၏ မိတ်ဆွေ ဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဟုမ္မလင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိ ပါသည်။

          အထက်ပါဖြစ်စဉ်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်ခြိမ်းခြောက် အကြပ်ကိုင်ခြင်းနှင့် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နှင့် ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

(ရဲပြန်ကြား)