နေပြည်တော် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဆူပူဆန္ဒပြရာတွင် ကိုင်ဆောင်အသုံးပြုရန် ဗီနိုင်းဆိုင်းဘုတ်ပြုလုပ်ပေးသည့် ကြော်ငြာလုပ်ငန်းဆိုင်အား ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လူအားဖြင့် လှုပ်ရှားမှုများအပြင် နိုင်ငံတော် အစိုးရဆန့်ကျင်ရေးရုပ်ပုံများ၊ စာတမ်းများအား အများပြည်သူပိုင် လမ်းမကြီးများတွင် ဆေးရေးခြယ်ခြင်း၊ ညအချိန်တွင် အစိုးရဆန့်ကျင်ရေးစာသားများပါ ဖယောင်းတိုင်ထွန်းခြင်း စသည်ဖြင့် လူစုလူဝေးဖြစ်ပေါ်အောင် လှုံ့ဆော်ဆောင်ရွက်မှုများအပြင် နိုင်ငံတော်အကြီးအကဲ၏ ဓါတ်ပုံများအား ဗီနိုင်း/စက္ကူများဖြင့် ပုံနှိပ်ထုတ်ဝေပြီး လမ်းမကြီးများနှင့် လူသွားလမ်းကြောင်းများတွင် ချထားခြင်း၊ အုတ်တံတိုင်းနှင့် သင်္ချိုင်းအုတ်ဂူများတွင် ကပ်ထားခြင်း စသည်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်အခြေအနေ အခွင့်သာမှုအပေါ်မူတည်ကာ မသင့်မလျော်လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း။
ယင်းကဲ့သို့ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊ မိတ္တူကူးခြင်း စသည့်လုပ်ငန်းရပ်များကို စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေကြသော ကွန်ပျူတာဆိုင်များ၊ မိတ္တူကူးဆိုင်များသည် ၂၀၁၄ ခုနှစ်၊ မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် ငြိစွန်းသည့်အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အရေးယူခံရသည့် ပြစ်မှုကျူးလွန်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ယင်းလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြု(မပြု)လုပ်ကြပါရန်နှင့် စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၈ ရက်တွင် သတင်းထုတ်ပြန် အသိပေးထားရှိပြီးဖြစ်ကြောင်း။
ထိုသို့သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သော်လည်း အချို့သောမြို့နယ်များတွင် ဆက်လက် ပြုလုပ်မှုများ ရှိနေကြောင်းသတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်ရှိ အောင်မင်းမြတ် (ခ) အောင်ကြီး (၅၈)နှစ် (ဘ) ဦးကျော်ဇောမြတ် ပိုင်ဆိုင်သော "အောင်ကြီးဆီဇာ" ကြော်ငြာလုပ်ငန်းဆိုင်သို့ မတ် ၂၁ ရက် နံနက် ၁၀ နာရီတွင် ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မင်းမြတ်(ခ) အောင်ကြီး ကို ဆိုင်အတွင်း၌ အသင့်တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး ၎င်းဆိုင်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ ပုံနှိပ်လုပ်ငန်းများတွင် အသုံးပြုသော ကွန်ပျူတာ ၅ စုံ၊ ဗီနိုင်းစက် ၆ လုံး၊ စတေကာဖြတ်စက် ၁ လုံး၊ ရက်စွဲအလိုက် မှာယူပစ္စည်းများ ရေးသွင်းထားသည့် စာရင်းစာအုပ် ၂ အုပ်၊ ပြေစာစာအုပ် ၁ အုပ်၊ နိုင်ငံတော်အစိုးရ ဆန့်ကျင်ရေးရုပ်ပုံနှင့် စာသားများပါ ဗီနိုင်းစတေကာမျိုးစုံ ၁၂ ခု၊ ပုံနှိပ်လုပ်ငန်းများတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းကိရိယာမျိုးစုံတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ အောင်မင်းမြတ်(ခ) အောင်ကြီးအား နိုင်ငံတော်အစိုးရဆန့်ကျင်ရေး ရုပ်ပုံနှင့်စာသားများပါ ဗီနိုင်း၊ ပိုစတာနှင့် စတေကာများအား ပုံနှိပ်ထုတ်ဝေပေးခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)