နေပြည်တော် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပညာရေးမှူးရုံး၌ လက်လုပ်အသံမိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွာခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်၊၊
ယင်းသတင်းထုတ်ပြန်ချက်အရ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရေး တို့အတွက် နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူများ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ ရဲကင်း၊ ရဲစခန်းစခန်းများအား လူအင်အားဖြင့် ဝင်ရောက်စီးနင်းခြင်း၊ မီးပုလင်းများ အသုံးပြု၍ မီးရှို့ဖျက်ဆီးရန် ကြံစည်ခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် အများပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အဖျက်အမှောက် လုပ်ရပ်များကို နေ့စဉ်ရက်ဆက်ဆိုသလို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
မတ် ၂၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် တံတားဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စိတ္တမဟီလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၌ အခြေခံပညာမူလတန်းကျောင်းအုပ် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်လျက်ရှိ သော မြတ်ပညာသင်တန်းခန်းမရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်ပြီး ရှင်းလင်းစစ်ဆေးခဲ့ရာ ခန်းမပတ်ဝန်းကျင်တွင် ပေါက်ကွဲပြီး လက်လုပ်အသံမိုင်း ၂ လုံးကို တွေ့ရှိခဲ့ရကြောင်း။
ဖြစ်စဉ်အားစိစစ်ခဲ့ရာ အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ စိတ္တမဟီလမ်းမအတိုင်း ဆိုင်ကယ် တစ်စီးဖြင့် မောင်းနှင်လာပြီး လက်လုပ်အသံမိုင်း ၂ လုံးကို ကျောင်းဝင်းအတွင်းသို့ ပစ်သွင်းခဲ့ရာ ၁ လုံးမှာ သင်တန်းခန်းမနှင့် ၁၀ ပေအကွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ သင်တန်း ခန်းမနှင့် ပေ ၂၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း၊ ပြည်သူလူထုအထိတ်အလန့်ဖြစ်စေရန်နှင့် တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ပြုလုပ်သည့် လက်လုပ်အသံမိုင်း ပေါက်ကွဲမှုဖြစ်ကြောင်း။
လက်လုပ်အသံမိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သတ်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး လုံခြုံရေးအင်အား တိုးမြှင့်ချထား၍ နေ့/ည လှည့်ကင်းများအား မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)