နေပြည်တော် မတ် ၂၂
လက်ရှိဆန်စပါးဈေးကွက်အခြေအနေနှင့် ဆန်စပါးဝယ်ယူမှု၊ ပြည်ပတင်ပို့နိုင်မှု ကိစ္စများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ Virtual စနစ်ဖြင့်ကျင်းပသည်။
ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ အခြား စီးပွားရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ချက်များချမှတ်ဆောင်ရွက်လျက်ရှိရာ ဆန်စပါးကဏ္ဍ Supply Chain တလျောက် စဉ်ဆက်မပြတ်တိုးတက်မှုများ ဖြစ် ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း၌ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ၊ ရိတ်သိမ်းမှု အခြေအနေနှင့် သယ်ယူပို့ဆောင်မှုအခြေအနေ၊ စပါးအထွက်နှုန်း တိုးတက်လာစေရေး အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေ ပိုမိုရရှိစေရေး အတွက် ဆောင်ရွက်သွား မည့်အစီအစဉ်၊ ပြည်တွင်း ဆန်စပါးဈေးကွက်ဖြစ်ပေါ်နေမှု အခြေအနေနှင့် ဆန်ပြည်ပ တင်ပို့ရာတွင်လိုအပ်သည့် အပင်ပိုးမွှား ရောဂါကာကွယ်ရေး ဆိုင်ရာ ထောက်ခံချက် များထုတ်ပေးနေသည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တန်ချိန် (၁)သိန်း တင်ပို့ရောင်းချရေးနှင့်ပတ်သက်၍ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် Export Financing အနေဖြင့် ငွေကျပ် ဘီလီယံ (၃၀) ကို ချေးပေးခဲ့ပါ ကြောင်း၊ မြန်မာ Exporter များအနေဖြင့် နိုင်ငံတကာဆန်ဈေးကွက်ပြောင်းလဲမှုများကို မျက်ခြေမပြတ် လေ့လာကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သင့်ပါကြောင်း၊ မြန်မာ့ဆန် ပြည်ပသို့ အရှိန်အဟုန်မပျက်တင်ပို့ နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့ တာဝန်ရှိသူများ၊ Exporter များ၊ လုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဆန်စပါးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသည့် Stakeholder များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)