Skip to main content

လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော် မတ် ၂၁ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေး အခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုလည်း ကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။ ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ ဝင်များကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့၊ ကျောက်တံခါးမြို့၊ ဒိုက်ဦးမြို့၊ ကျောက်ကြီးမြို့၊ ရွှေကျင်မြို့၊ မင်းလှမြို့၊ လက်ပံတန်းမြို့၊ သာယာဝတီမြို့၊ ကြို့ပင်ကောက်မြို့၊ နတ်တလင်းမြို့၊ ဇီးကုန်းမြို့၊ အင်းမမြို့နှင့် ဝက်ထီးကန်မြို့ တို့ရှိ မြန်မာနိုင်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများကလည်းကောင်း သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။ (အပေါ်ပုံ) သတင်းစဉ်