Skip to main content

ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၂၀

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက် နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက် ကုသပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တပ်နယ်များအလိုက်တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံ ပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

 

ဆောင်ရွက်ပေး

 

အဆိုပါ ဆေးရုံများ၌ တပ်မတော်ဆေးကုသ ရေးအဖွဲ့များကဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများက အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာခဲ့သည်။ ထို့ကြောင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြု များပါဝင်သော ဆေးအဖွဲ့အား အဆိုပါ ဆေးရုံသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ အင်အား ၅ဝဝ ခန့်က လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ပေးအပ်လှူဒါန်း

ထို့ပြင် ဝဲလောင်တိုက်နယ်ဆေးရုံအတွက် တောင်သာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဆေးရုံအတွက် လိုအပ်သောဆေးဝါးနှင့် ဆေးကုသရေး အထောက် အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် ကျောက်ပန်း တောင်းတပ်နယ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေး ထားမှုအခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေး စောင့်ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်