ရန်ကုန် မတ် ၂၀ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး ဦးဆောင်၍ မတ် ၁၈ ရက်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မြန်မာ့စာတိုက် လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်သည်။ အမှာစကားပြောကြား ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာ့စာတိုက်လုပ်ငန်း လက်ထောက်အထွေထွေ မန်နေဂျာက ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စာတိုက် ၁၀၅ ခုမှ ကျေးရွာ အရောက်လုပ်ငန်းဆောင်ရွက်နေမှုများ၊ စာတိုက်များမှ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ၊ ဝင်ငွေနှင့် အသုံးစရိတ်စာရင်းများကို တင်ပြသည်။ ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ) ညွှန်ကြား ရေးမှူးက ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်ထုတ်ပေး ထားမှုများ၊ International Gateway Services-IGW ဝန်ဆောင်မှု လျှောက်ထားသူများအား လိုင်စင်ထုတ် ပေးထားမှုအခြေအနေ၊ တာဝါနှင့် ဖိုင်ဘာ Complain များ ဖြေရှင်းဆောင်ရွက်မှု အခြေအနေနှင့် ဆက်သွယ် ရေးကွန်ရက် တိုးချဲ့ တည်ဆောက်ရေး ပေါင်းစပ် ညှိနှိုင်းမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီးမန်နေဂျာက ဖွဲ့စည်းပုံနှင့် အင်အားစာရင်း၊ အော်တိုတယ်လီဖုန်း လုပ်ငန်းအခြေအနေ၊ အဝေးဆက်ကြောင်း အခြေ အနေ၊ မိုဘိုင်းတယ်လီဖုန်း လုပ်ငန်းအခြေအနေ၊ MPT ဖိုင်ဘာအိမ်သုံးအင်တာနက် တပ်ဆင်အသုံး ပြုနိုင်သည့်အခြေအနေများကို တင်ပြသည်။ ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက တယ်လီဖုန်း ကြိုးများကို တိုင်များစိုက်ထူ၍ သွယ်တန်းထားသော်လည်း စနစ်တကျမရှိဘဲ ရှုပ်ထွေး၊ တွဲလောင်း၊ မြေပြင်တွင်ပြုတ်ကျကာ လမ်းမပေါ်သွားလာသူများကို အနှောင့်အယှက် ဖြစ်နေခြင်း၊ ပြည်သူများ၏ နေအိမ်၊ ခြံဝင်းများနှင့် မလွတ်မကင်းဖြစ်ပေါ်နေခြင်း၊ အချို့ မြေအောက်ကြိုးအဖြစ် အသုံးပြုနေသော်လည်း စနစ်တကျမရှိသည့် အခြေအနေမျိုးစုံကို ကြုံတွေ့နေ ရခြင်းများကြောင့် ပြည်သူများအနှောင့်အယှက် ဖြစ်နေရကြောင်း၊ နောင်တွင် အလားတူပြဿနာများ ဖြစ်ပေါ်လာပါက ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဌာနများမှမြို့နယ်အဆင့် တာဝန်ရှိသူများက တာဝန်ယူ၊ တာဝန်ခံမှုဖြင့် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ခွဲဝေချထားပြီး မြို့နယ်အလိုက် သက်ဆိုင်ရာကြီးကြပ်ရေးကော်မတီများ ပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေး၊ ကြပ်မတ်၊ ဖြေရှင်းရေး အဖွဲ့များဖွဲ့စည်းထားရှိရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဆက်သွယ်ရေးလုပ်ငန်းများ စနစ် တကျနှင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ ပုဂ္ဂလိကကုမ္ပဏီ များကိုလည်း သတ်မှတ်ထားသည့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်စေရေး၊ Complain Center များ မြို့နယ်အလိုက် ဖွင့်လှစ်ထား ရှိပြီး ပြည်သူများ၏ အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းပေးရေးနှင့် တယ်လီဖုန်းကေဘယ်လိုင်းများ သွယ်တန်းရာတွင် သန့်ရှင်းသပ်ရပ်မှုကို မထိခိုက်စေရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)