Skip to main content

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်းတင်ပြသည့် အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၈ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ရေးဆွဲ ထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက် ရေး Focal ဌာနဖြစ်သည့်အတွက် ရှိသင့်ရှိထိုက်သည့် ဥပဒေများရှိရန်လိုကြောင်း၊ ယခုဥပဒေ သည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်ကိုလည်း သိရှိရကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆွေးနွေးရမည့် အဖွဲ့အစည်းများနှင့်ဆွေးနွေးပြီး အဆင်သင့် ဖြစ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်း ရန် ပါဝင်ပါကြောင်း၊ ယခုရေးဆွဲထားသည့် အခြေအနေအပေါ် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်း များက ပေးပို့လာသည့် တင်ပြချက်များကို ပြန်လည်သုံးသပ်ရန်လိုကြောင်း၊ ယင်းသို့ ပြန်လည် သုံးသပ်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ အစည်းအဝေးများ ခေါ်ယူဆွေးနွေး သွားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခုဥပဒေဖြစ်ပေါ်လာရခြင်းသည် အမျိုး သမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆန်းစစ်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးငယ်ရွယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပြုလုပ်သည့် ဖြစ်ရပ် များ ရာခိုင်နှုန်း များလာသည်ကို တွေ့ရှိရပြီး လူသားမဆန်သည့် ပုံစံများ တွေ့ရှိလာကြောင်း၊ အဆိုပါ အမှုအခင်းများနှင့်ပတ်သက်၍ ရာဇသတ်ကြီး ရှိထားသော်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် လုံလောက်သည့် အကာအကွယ်ပေးနိုင်ရေးအတွက် ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းဆိုင်ရာ မြန်မာနိုင်ငံ၏ အစီရင်ခံစာ ဖြေကြားမှုအပေါ် အကြံပြုချက်ပေးပို့လာရာတွင် အမျိုးသမီးများအတွက် ဥပဒေတစ်ခုရှိရန် အကြံပြုချက်များ ရှိထားသည့်အတွက် သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများနှင့်ဆွေးနွေးပြီး ရေးဆွဲရခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု များစွာလုပ်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရှင်းပြမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ ပြဌာန်းရန်အဆင်သင့် ပြင်ဆင် ထားရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာ တာဝန်ခံများက ဥပဒေပါ အချက်များအား ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ဥပဒေ(မူကြမ်း)အပေါ် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ အကြံပြုချက်များ ကိုလည်း ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)