နေပြည်တော် မတ် ၁၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါ်တင်မိုးမိုး၊ ဦးဝင်းမြင့်နှင့် ဦးမျိုးမင်း၊ အရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံ၏စီးပွားရေးနှင့် ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအတွက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် စွမ်းဆောင်ရည် ပြည့်ဝရန်လိုအပ်ကြောင်း၊ စွမ်းဆောင်ရည်ပြည့်ဝမှုရှိရန်အတွက် အသိပညာနှင့် အတတ်ပညာ များကို အမြဲလေ့လာဆည်းပူးရန်လိုအပ်ပါကြောင်း၊ မိမိတို့ရယူခဲ့ကြသော တက္ကသိုလ် အသီးသီး မှ ပညာရပ်များပေါ် အခြေခံပြီး ပြောင်းလဲတိုးတက်နေသော ခေတ်ကာလနှင့်အညီ ပညာရပ် များကို အစဉ်တစိုက်ဆက်လက်လေ့လာဆည်းပူးရန်လိုအပ်ကြောင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်မှုသည် အဖွဲ့အစည်းတိုင်းတွင် အရေးကြီးသော လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများ ပြုလုပ်ခြင်းဖြင့် အသိပညာနှင့်နားလည်မှုများ ပိုမိုတိုးပွားလာမည် ဖြစ်ပြီး အသိအမြင်များ အချင်းချင်း အပြန်အလှန်ဖလှယ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရလဒ်ကောင်းများကို အခြေခံ၍ လက်တွေ့နယ်ပယ်၌ အကျိုးရှိစွာ အသုံးချရန်ဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရသော ခေါင်းဆောင်ကောင်းများ ဖြစ်စေရန် အဖက်ဖက်မှ ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခုကဲ့သို သုတေသန စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းမှတဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လူ့စွမ်းအားအရင်းအမြစ် ပိုမိုတိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သုတေသနစာတမ်းရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး ထူးချွန်သည့်စာတမ်းရှင်များကို ရွေးချယ်၍ ဆုချီးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သုတေသနဌာနအနေဖြင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ်ဆက် မပြတ်ကျင်းပနိုင်ရန် ဆက်လက်လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ငွေကြေးမူဝါဒရေးရာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သစ်သစ်မျိုးက “ A Link Between Financial Development and International Trade” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောစောထွေးနှင့် စာရင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိမင်းတို့က “Risk and Return in the Banking and Financial Markets” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြားတင်ပြကြပြီး တက်ရောက်လာကြသော ဒုတိယဥက္ကဋ္ဌများနှင့် အရာထမ်းများက အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)