Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်များ အား ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဖူးမြော်ကြည်ညို

ရန်ကုန် မတ် ၁၈ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်း တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသတို့အား လာရောက်ဖူးမြော် ကြည်ညိုကြသည်။ ထိုသို့ ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးက လာမည့် တပေါင်းလပြည့်နေ့ မတ် ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲ အခမ်းအနားသို့ ဆရာတော်ကြီးများ စိတ်အေးချမ်းသာစွာ ကြွရောက်တော်မူနိုင်ရန် အထူး လေယာဉ်ဖြင့် ပင့်ဆောင်ရန်စီစဉ်ထားပြီးဖြစ်ပါကြောင်း လျှောက်ထားပြီး နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ(ရန်ကုန်၊ မန္တလေး)တို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော် သြဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယကနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များမှ ဆရာတော် သံဃာတော်များအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆရာတော်ကြီးများ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)