Skip to main content

ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးရေကို ထိရောက်စွာ အသုံးချရေး သုတေသနပြုမှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၁၈ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် တောင်သူများအကျိုးရှိစေမည့် ရေအသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်နှင့် ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့ အသုံးချနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းချက်ဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေကို အကျိုးရှိစွာ ချွေတာသုံးစွဲရေး နည်းပညာ များ ဖွံ့ဖြိုးလာစေရန်၊ သီးနှံနှင့်ရေဆက်စပ်မှုအား လေ့လာရန်၊ သင့်လျော်ကောင်းမွန်သော မိုးရေ ထိန်းသိမ်းသိုလှောင်သည့် နည်းစနစ်များ ဖွံ့ဖြိုးလာစေရန်၊ မျိုးမွေးမြူသူများအတွက် ရေငတ် ဒဏ်ခံနိုင်ရည်ရှိသော သီးနှံမျိုးများရှာဖွေဖော်ထုတ်ရန်၊ စပါးစိုက်ပျိုးထုတ်လုပ်ရာ၌ လမိုင်းထားရှိ မှု နည်းပညာသုတေသနနှင့် စိုက်ပျိုးမှု ပြန့်ပွားလာစေရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးကဏ္ဍ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချနိုင်ရေးအတွက် နည်းစနစ်အားဆောင်ရွက်ရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့များအား တိုင်းတာစစ်ဆေးရန်၊ စိုက်ပျိုးရေ၊ သီးနှံမျိုးစေ့နှင့် မြေသြဇာ အရည်အသွေး ဓာတ်ခွဲစမ်းသပ်ရန်နှင့် မြေဆီဓာတ်ခွဲ သေတ္တာများ ထုတ်လုပ်ဖြန့်ဖြူးရန် စသည့် အဓိက လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ - ၂၀၂၁ ခုနှစ် မိုးနှောင်းရာသီနှင့် မိုးကြိုရာသီ သုတေသနလုပ်ငန်းများအဖြစ် စပါးအပြီး တွင် ပြောင်းသီးနှံ အဓိကစိုက်ပျိုးကြသည့် တောင်သူများအတွက် ဦးတည်ကာ စပါးအပြီးတွင် မြေတွင်းရေအကျန်ဖြင့် ပြောင်းသီးနှံစိုက်ပျိုးခြင်းနှင့် ဖြည့်စွက်ရေပေးသွင်း၍ စိုက်ပျိုးခြင်းကို လေ့လာခြင်း သုတေသနကိုလည်းကောင်း၊ တောင်သူအများစု အသုံးပြုသော ပုလဲမြေဩဇာ၊ အခြား ပစ္စည်းများဖြင့် ကာဗာပြုလုပ်ထားသော နိုက်ထရိုဂျင်မြေဩဇာများနှင့် ယူးရီးယား အလုံးကြီး မြေဩဇာများ၏ ပြောင်းသီးနှံတွင် အကျိုးထိရောက်မှုကို စမ်းသပ်ခြင်း သုတေသနကို လည်းကောင်း၊ စပါးသီးနှံကို မိခင်ပင်စိုက်ပျိုးပြီး သားဆက် ၅-၇ ဆက်ထိ လမိုင်းထား ဆောင်ရွက်သည့် သားတက်ဆင့်ပွားနည်းပညာအား မိခင်ပင်ကို ရိတ်သိမ်းချွေလှေ့စက် အသုံးပြု၍ စပါးဒုတိယ သားဆက် (လမိုင်းအပင်) အောင်မြင်မှုရှိမရှိအား စမ်းသပ်ခြင်း သုတေသနကိုလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ သုတေသနဆောင်ရွက်ထားရှိမှုအခြေအနေများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ရာ သုတေသန တာဝန်ခံများအား သုတေသနလုပ်ငန်းများကို သိပ္ပံနည်းကျနည်းဆောင်ရွက်ရန်၊ စမ်းသပ်မှုများအား မျက်ခြေမပြတ် လေ့လာသုတေသနပြုရန်နှင့် သုတေသနဌာနအချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်၊ သုတေသနရလဒ်များသည် တောင်သူအတွက်ဖြစ်၍ အမြဲမပြတ် ကြိုးစားဆောင်ရွက်ကြရန်၊ တောင်သူများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများ ကို လေ့လာ၍ သုတေသနပြုလုပ်ကြရန်နှင့် နိုင်ငံတော်မှ အားထားရသည့် သုတေသနပညာရှင် များဖြစ်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် သွားကြရေးကိုလည်း အားပေး တိုက်တွန်းပြောကြားခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ညီညီသန်း(နေပြည်တော်) ဓာတ်ပုံ(စိုက်ပျိုးရေး)