Skip to main content

ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၂ နှင့် အပိုင်း (၁/၂) အရန်တို့ကို ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၁၄ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ပို့ဆောင်လျက်ရှိရာ တတိယအကြိမ် အဖြစ် ပလ္လင်တော်အပိုင်း ၂ နှင့် အပိုင်း (၁/၂)အရန်တို့ကို မတ် ၉ ရက်တွင် ဆီမီးခုံဆိပ်ကမ်းမှ ပင့်ဆောင်ပူဇော်ရာ တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ယမန်နေ့ညပိုင်းတွင် ရောက်ရှိခဲ့သည်။ အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၂ နှင့် အပိုင်း(၁/၂)အရန် အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်စည်သာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အမှူးပြုသော သံဃာတော်အရှင်သူမြတ် တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရား ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယပူဇာအရိယာ သာဝိဂါထာ၊ ဘုရားဂုဏ်တော်ကိုးပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာ စွာ ရွတ်ဆိုပူဇော်ကြသည်။ ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်ကြီး၏ ပလ္လင်အပိုင်း(၂) နှင့် အပိုင်း (၁/၂) အရန်တို့ကို နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်နှင့် မဟာလယ်တီစံ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒာဝုဓ တို့က ဦးဆောင်၍တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရားဒါယကာများက အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာအောင် ဂါထာတော်များကို ရွတ်ဆို ပူဇော်ကြသည်။ ထို့နောက်မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာထိုင်တော် မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း (၂) နှင့်အပိုင်း (၁/၂) အရန်တို့ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူကြသည်။ ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ပလ္လင်တော်အပိုင်း(၂) အလေးချိန် ၆၅၅ တန်၊ အပိုင်း (၁/၂)အရန် အလေးချိန် ၃၁၅ တန်ရှိပြီး စတုတ္ထအကြိမ်အဖြစ် ကြိုဆိုပင့်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ အစိတ်အပိုင်းများကို ဆက်လက်ပင့်ဆောင် ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်