Skip to main content

ပဲခူးမြို့နှင့် မိုးဗြဲမြို့တို့တွင် ဆူပူအကြမ်းဖက်သူများကို လူစုခွဲစဉ် ပြန်လည်ခုခံသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်ဦး ကျဆုံး၊ ခြောက်ဦး ဒဏ်ရာရ

နေပြည်တော် မတ် ၁၄ ပဲခူးမြို့နှင့် မိုးဗြဲမြို့တို့တွင် ဆူပူအကြမ်းဖက်သူများကို လူစုခွဲစဉ် ပြန်လည်ခုခံသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် လိပ်ပြာကန်ရပ်ကွက် မဂ္ဂတစ်လမ်းဆုံ၌ ဦးဆောင်သူ(စိစစ်ဆဲ) လူစုလူဝေးအင်အား ၁၀၀ ခန့်သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ က အများပြည်သူသွား လမ်းမအား အတားအဆီးများဖြင့် ကာရံပိတ်ဆို့ပြီး သွားလာ မရအောင်ပြုလုပ်၍ နိုင်ငံတော် ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက် ဆောင်ရွက်ခဲ့ရကြောင်း။ အဆိုပါ ဆူပူဆန္ဒပြသူ လူစုလူဝေးများကို လူစုခွဲရန် ဥပဒေနှင့်အညီ ညှိနှိုင်းဖြေလျှော့ ခဲ့သော် လည်း လိုက်နာမှုမရှိဘဲ ဖြေလျှော့နေစဉ်အတွင်းမှာပင် လူအုပ်စုအတွင်းမှ အုတ်ခဲ၊ ကျောက်ခဲ၊ လောက်လေးခွ၊ သေနတ်(စိစစ်ဆဲ)တို့ဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့ရာ ဒုရဲအုပ် ကျော်နိုင်ဦးမှာ ယာဘက်ရင်ဘတ် ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့ပြီး ရဲတပ်သား တင်ဇာမျိုး၊ ရဲတပ်သား ရဲလင်းအောင်နှင့် ရဲတပ်သား အောင်ကျော်လင်းတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်း ရေးလုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲခဲ့ရကြောင်း။ ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ အမျိုးသား သုံးဦး(စိစစ်ဆဲ)မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ဆူပူဆန္ဒပြသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခုနစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့်အတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း။ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အတွင်း ထိခိုက် ဒဏ်ရာရရှိကာ ကျဆုံးခဲ့သူ ဒုရဲအုပ် ကျော်နိုင်ဦး၏ ခန္ဓာကိုယ်အားခွဲစိတ်စစ်ဆေးရာ ဝဲဘက်လက်မောင်း အနောက်ဘက်အား ရှပ်ထိပြီး နံရိုး နံပါတ် ၈ နှင့် ၉ မှ ဖောက်ဝင်ကာ အူလမ်းကြောင်းအားဖြတ်၍ ၊ ဆီးအိမ်အနီး၌ ကျည်ဆန်ထိပ်ဖူးအား တွေ့ရှိရကြောင်း၊ တွေ့ရှိရသည့်ကျည်ဆန်ထိပ်ဖူးမှာ ပွိုင့် ၂၂ကျည်ဆန် ထိပ်ဖူးဖြစ်ပြီး အမဲပစ် သေနတ်များတွင် အသုံးပြု ပစ်ခတ်သော ကျည်အမျိုးအစားဖြစ်ကြောင်း၊ ဒဏ်ရာရရှိမှု အနေအထားအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆောက်အအုံအမြင့်တစ်ခုမှ နေရာယူ၍ ပစ်ခတ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း၊ ကျန်ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင် သုံးဦး၏ ဒဏ်ရာ များနှင့် ပတ်သက်၍ လည်း စိစစ်လျက်ရှိကြောင်း။ အလားတူ နံနက် ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ မိုးဗြဲ-ပီကင်းသွား ကားလမ်းမပေါ်၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူဆန္ဒပြသူအင်အား ၃၀၀ ခန့်သည် ကားလမ်းမ အား ပိတ်ဆို့ကာ နိုင်ငံတော်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ ဆူပူအော်ဟစ် ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ ဆူပူဆန္ဒပြသူ လူစုလူဝေးများအား လူစုခွဲရန် ညှိနှိုင်းဖြေလျှော့ခဲ့သော်လည်း လိုက်နာမှု မရှိသည့်အပြင် လူအင်အား ၁၅၀ စီဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ရှေ့နောက်ပိတ်ဆို့ဝန်းရံကာ အုတ်ခဲ၊ လေးခွတို့ဖြင့် အကြမ်းဖက် ရန်ပြု ပစ်ခတ်ခဲ့သဖြင့် ဒုရဲမှူး သန်းလွင် ဝဲဘက်ခြေသလုံးပေါက်ပြ ရဲတပ်သား မင်းသိန်းထွေး နဖူးထိမှန်ဒဏ်ရာ၊ ဒုတပ်ကြပ်ကျော်ဌေးနိုင် နဖူးပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် လေးစီးတွင် လေကာမှန်ကွဲ၊ ကားဘော်ဒီများ ပွန်းပဲ့ပျက်စီးခဲ့ရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။ သတင်းစဉ်