ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြသူတွေကိုဝေတဲ့ ကြာဆံကြော်စားမိရင်း အော့အန်မူးဝေတာ ဖြစ်ကြ တယ်ဆိုပြီး ကြားမိတယ်။ ရေသန့်ဘူး ပေးဝေကြသူတွေကိုလည်း ရေသန့်ထဲမှာ ဆေးခပ်ထား တယ်ဆိုပြီး ကောလာဟလသတင်းတွေ ကြားသိရတယ်။ စေတနာရှင်တွေလည်း အစားအစာဝေ ရမှာတောင် အားငယ်လာကြရသလို ရပ်ကွက်ထဲမှာလည်း တစ်ဦးနဲ့တစ်ဦး မယုံကြရဘူး။ ဒလန်တွေ၊ သတင်းပေးတွေ စသည်ဖြင့် အော်ဟစ်ကြိမ်းမောင်း တောထုတ်တာမျိုးတွေ ဖြစ်လာ တယ်။ ရပ်ကွက်ထိပ်တွေမှာ လူစုလူဝေးဖြစ်လာတဲ့အခါ ရပ်ကွက် ထဲက အိမ်တွေကို လမ်းထိပ်မထွက်လို့ဆိုပြီး တစ်အိမ်တစ်ယောက် ထွက်လာဖို့ ဆော်ဩသံတွေကြားမိတယ်။ တိုင်းပြည်မတည်ငြိမ် မအေးချမ်းဖြစ်အောင် ဘာကြောင့်များ လှုံ့ဆော်နေကြတာလဲလို့ ဆက်တိုက်တွေးနေမိပါတယ်။
နွေးထွေးတဲ့ဆက်ဆံရေး
မိဘတွေကို ရှုတ်ချလိုကြတာနဲ့ လူငယ်တွေ၊ လူမမည်ကလေးတွေရဲ့ ဓာတ်ပုံတွေနဲ့ အရှက်ကွဲရ အောင် လူမှုကွန်ရက်မှာ တင်ထားကြတယ်။ နောက်ဆုံး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ သားသည် အမေတွေကိုလည်း မရှောင်ဘူး၊ အရှက်ခွဲ ကမ်ပိန်းလုပ်ကြ ပါတယ်။ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာလည်း ဝန်ထမ်းတွေဘဝ မျက်နှာငယ် ကြရပါတယ်။ နောက်ဆုံး လူသား အချင်းချင်း သိပ်ကိုမွန်မြတ်ပြီး ချစ်စရာကောင်းတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးဟာ မိမိတို့ အသိုင်းအဝိုင်းအကြား တစ်စတစ်စပျောက်ဆုံးလာမှာကိုတော့ အတော်ကို တွေးကြောက်မိပါ တယ်။
လူ့ဘဝ၊ လူ့အသိုင်းအဝိုင်းမှာ အားလုံးနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ လူသားတွေဟာ လူ့ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ နီတိတွေ၊ ဥပဒေတွေ၊ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ထားကြ တယ်။ ပြီးတော့ အားလုံးလိုက်နာစောင့်ထိန်းကြရပါတယ်။ ဒါမှသာ လူပီသ တဲ့လူသားတွေ ဖြစ်လာမှာပေါ့။ လူမှုရေးရာ ဖိနှိပ်ခြင်းဆိုတာ ကျင့်ဝတ်တွေ၊ နီတိတွေ၊ ဥပဒေတွေ၊ လူ့ယဉ်ကျေးမှုတွေအားလုံးကို ဖီဆန်ပြီး ခဏတာလူ့စိတ်သဘာဝအရ ဖြစ်လာတဲ့ခံစားချက်ကို ဦးစားပေးဆောင်ရွက်ကြတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဘယ်ဘာသာတရား ကမှလည်း လူသားချင်းဖိနှိပ်မှုကို လက်မခံကြပါဘူး။
သွေးဆူနေတုန်းမှာ လူတစ်ယောက်ကို စိတ်ဆိုး၊ ဒေါသထွက်တဲ့ စိတ်နဲ့ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ပြောဆို ကဲ့ရဲ့ နိုင်ပေမယ့် တကယ်တမ်းသွေးအေးသွားတဲ့အချိန်မှာ မိမိ ပြောထားတဲ့ စကားစုကို ကိုယ်တိုင်ပါးစပ်က ထုတ်ဖော်မပြောနိုင်လောက်အောင် ကြမ်းတမ်း နေမိတတ်တာမျိုး လူတိုင်းနီးပါး ဖြစ်ဖူးကြပါလိမ့်မယ်။ လက်ရှိအခြေအနေဟာ ထိခိုက်လွယ်တဲ့ စိတ်နှလုံးခံစားချက်တွေ လူတိုင်းမှာရှိပါလိမ့်မယ်။ ဒီလိုအခြေအနေကို နားလည်သဘောပေါက် ပြီး အချင်းချင်းအားပေးကူညီ၊ အမှားကို အမှန်ပြင်၊ မတူညီတာတွေကို ထိန်းညှိရင်းကနေ အကောင်းဆုံးအနေအထား၊ ထိခိုက်မှုအနည်းဆုံး အနေအထားကို သွားကြရမှာ ဖြစ်ပါတယ်။
သတိပြုစေချင် ဘယ်သူတွေက ဘာအတွက်ကြောင့် လုပ်နေကြသလဲ၊ ဒီလို လုပ်ခြင်းအားဖြင့် ဘယ်သူတွေ အကျိုးအမြတ်ရသွားမလဲဆိုတာကိုလေ့လာကြည့်ကြဖို့လည်း လိုပါတယ်။ မိမိက သူတစ်ပါးထိခိုက်အောင် ပြောဆိုလိုက်တဲ့အခါ တစ်နေ့ပြန်ပြီး ပတ်သက်ဖို့ဖြစ်လာကြမယ်ဆိုရင် တောင် တစ်ဦးနဲ့တစ်ဦး အားနာ၊ မဝံ့မရဲ မဖြစ်ကြရနိုင်ဘူးလားဆိုတာ သုံးသပ်ဖို့လိုပါတယ်။ တစ်ဖက်မှာလည်း ဒီလိုလုပ်ရပ်ဟာ လူ့အခွင့် အရေးစံနှုန်းတွေကို သွေဖည်ရာရောက်နေပြီး စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူ Narrow- Minded တွေ ဖြစ်မှန်းမသိ ဖြစ်လာပြီး ဥပဒေကိုလည်း ချိုးဖောက်ရာရောက်နေတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
အဲ့ဒီလို Social Punishment လို့ ခေါင်းစဉ်တပ်ပြီး ကိုယ်နဲ့မတူ ကိုယ့်ရန်သူ သဘောထားပြီး မတည့်သူတွေကို လိုက်လံအရှက်ခွဲ Blaming တွေ၊ Personal Attack လုပ်နေတာမျိုးတွေကိုလဲ မိမိတို့ပတ်ဝန်းကျင်မှာ တွေ့မြင်လာရပါတယ်။ အွန်လိုင်းမှာ တင်ထားရုံနဲ့ အဖြစ်အပျက် အစအဆုံးမသိနိုင်ဘဲ လူအချင်းချင်းအမုန်းတရားတွေ ပွားများအောင် ပြုလုပ်တာဟာ ဘာသာတရားရှုထောင့်ကနေ ကြည့်ရင်လည်း အပြစ်ဖြစ်နေပါပြီ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကို အငြိုးထားပြီး တိုက်ခိုက်နေတာ၊ စီးပွားပျက်ရာပျက်ကြောင်း Boycott လုပ်တာ၊ အချို့ကလည်း ခံစားပြီး ပြန်ဖြေရှင်းနေကြရတာတွေဟာအမုန်းမီးကို အကြိမ်ကြိမ်အခါခါ ထပ်မွှေးနေကြတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။
အကုသလ ကမ္မပထ တရား ၁၀ ပါး
အပါယ်ကျစေတဲ့ကံ (ပြုလုပ်တဲ့အလုပ်) တရားတွေဆိုတာ အကုသလ ကမ္မပထ တရား ၁၀ ပါး ရှိပါတယ်။ အဲဒီမှာ ကာယဒုစရိုက် သုံးပါး၊ ၀စီဒုစရိုက် လေးပါးနဲ့ မနောဒုစရိုက် သုံးပါးတို့ ပါဝင်ပါတယ်။ ကာယဒုစရိုက် သုံးပါးကတော့ သူ့အသက်ကို သတ်တာ၊ သူ့ဥစ္စာကို ခိုးယူတာနဲ့ သူတစ်ပါးသားမယားပြစ်မှားတာဖြစ်ပါတယ်။ မနော ဒုစရိုက်သုံးပါးက အဘိဇ္ဈာလို့ခေါ်တဲ့ သူများပစ္စည်းကို ကိုယ်ပိုင်ဖြစ်လိုတဲ့ လောဘ၊ ဒီလူတွေ သေသွားရင်ကောင်းမှာတို့ ဒီလူတွေပျက်စီးသွားရင် ကောင်းမယ်လို့ တွေးမိတဲ့ ဗျာပါဒနဲ့ ကုသိုလ်လည်းမရှိ၊ အကုသိုလ် လည်းမသိ၊ ကံကံ၏အကျိုးကို မသိ၊ လက်မခံငြင်းပယ်တဲ့ မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပါတယ်။
ဝစီဒုစရိုက်လေးပါးကတော့ မုသာဝါဒ လိမ်လည်ပြောဆိုတာ၊ ပိသုဏဝါစာ သူတစ်ပါးအကျိုး ပျက်စီးစေဖို့ ကုန်းတိုက်တာ၊ ဖရုသ (ဝါစာ ဆဲရေးတိုင်းထွာပြီး ညစ်ညမ်းတဲ့စကားတွေ ပြောဆိုတာနဲ့ သမ္ဖပ္ပလာပ အကျိုးမဲ့သိမ်ဖျင်းတဲ့စကားတွေကို ပြောဆိုတာတွေ ပါဝင်ပါတယ်။ အခုလိုကာလမှာ ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ ဒုစရိုက် ဆိုးကျိုးပြ ဒုစ္စရိတဝိပါက ဒေသနာတော် မှာ ညွှန်းဆိုပြခဲ့တဲ့ အချက်တွေထဲက အတော်များများကို ကျူးလွန်နေမိကြတာကို စိတ်မသက် သာဖွယ် မြင်တွေ့နေရတာမို့ အမြန်ဆုံး ဆင်ခြင်တုံတရားလက်ကိုင် ထားပြီး ပြင်ဆင်သင့်ပါပြီလို့ အကြံပြုလိုပါတယ်။
လက်ရှိမိမိတို့နိုင်ငံမှာ ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင်၊ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မပျက် အောင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ မှန်ကန်တဲ့ ဒီမိုကရေစီဖက်ဒရယ် လမ်းကြောင်းမပျက် ယွင်းအောင် အစိုးရကနေ ဥပဒေနဲ့အညီလုပ်ကိုင်ဆောင်ရွက်နေတာကို မြင်တွေ့နေရပါတယ်။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတို့အတွက် အာမခံချက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို မြင်နေလျက် သားနဲ့ ဘာကြောင့်များ မရေရာ မသေချာတဲ့ တိုက်ပွဲတွေအဖြစ် တိုင်းပြည်ကို စစ်မြေပြင်ဖြစ်ချင် ဦးမှာလဲလို့ ဆန္ဒပြလှုပ်ရှားသူတွေ၊ တည်ဆဲအစိုးရအား ဆန့်ကျင်သူတွေကို မေးချင်ပါတယ်။ မိမိတို့အားလုံး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းကို တစ်ဦးနဲ့တစ်ဦး စာနာနားလည်မှုရှိရှိ၊ ဖေးမမှုအပြည့်နဲ့ ခရီးနှင်ဖြတ်သန်းကြရအောင်လို့သာ အသိပေးတိုက်တွန်း ရေးသားလိုက် ရပါတယ်။ ။
ကနောင်