နေပြည်တော် မတ် ၁၄
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများကို ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ဖူးမြော်ကြည်ညို
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေး မြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးတို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် ( ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြု ကြည်ညို နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ် ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်