နေပြည်တော် မတ် ၁၀
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းဘူတာဝင်းအတွင်း CDM ပြုလုပ်သူများက မီးရထားဝင်း အဝင်/အထွက် လမ်းများအား တားဆီးပိတ်ဆို့နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ သွားရောက် ရှင်းလင်းဖယ်ရှားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မလွှကုန်း ဘူတာဝင်းအတွင်းတွင် CDM ပြုလုပ်သူများက မီးရထားဝင်း အဝင်/ အထွက် လမ်းများကို ရထားတွဲများ၊ သဲအိတ်များဖြင့် တားဆီးပိတ်ဆို့ခြင်း၊ CDM မပြုလုပ်လိုသည့် ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း စသည့် အကြမ်းဖက်ပုံစံဆောင်ရွက်မှုများကို နေ့စဉ် ပြုလုပ်နေ သည်ကို သတင်းရရှိခဲ့ကြောင်း။
ရရှိသည့် သတင်းအပေါ် မူတည်၍ မတ် ၁၀ ရက် နံနက် ၅ နာရီမှ စတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မလွှကုန်းဝင်း ဘူတာအတွင်း ဝင်/ ထွက် သွားလာနိုင်သည့် လမ်းကြောင်းများကို အဆင့်ဆင့် ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီတွင် မီးရထားဝင်းတစ်ခုလုံးကို အသေးစိတ်ရှင်းလင်းနိုင်ခဲ့ကြောင်း။
ဖြစ်စဉ်တွင် မီးရထားဝင်း ဆေးပေးခန်းအတွင်း CDM ဆောင်ရွက်သည့် ဝန်ထမ်းများ အတွက် ပြင်ပအဖွဲ့အစည်းများက ထောက်ပံ့ရန် စီစဉ်ထားရှိသော ငွေကျပ်သိန်း(၃၀)တန်ဖိုး ရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်၊ ဟင်းချိုမှုန့်စသည့် စားသောက်ကုန်မျိုးစုံကို သိမ်းဆည်းရမိခဲ့ပြီး ယင်းနေရာတွင် တွေ့ရှိရသည့် အမျိုးသား ၇ ဦးကို လိုအပ်သည့် စစ်မေးမှုများပြုလုပ်ရန်အတွက် ခေတ္တထိန်းသိမ်းထားရှိကြောင်းပါရှိသည်။
(သတင်းစဉ်)