နေပြည်တော် မတ် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲ ကြုံတွေ့နေရသော အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရေလုပ် သားများကိုသွားရောက်ခေါ်ဆောင် နိုင်ရေးအတွက် မြန်မာ့တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ကျော်လင်းဇော် ဦးဆောင်သော စစ်ရေယာဉ် (တပင်ရွှေထီး)သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှ အိန္ဒိယနိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။
စစ်ရေယာဉ် (တပင်ရွှေထီး) ' သည် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း ရှိ ပို့ဘလဲယား (Port Blair) ဆိပ်ကမ်းသို့ မတ် ၇ ရက် မွန်းလွဲ ပိုင်းတွင် ရောက်ရှိခဲ့ပြီး မတ် (၈)ရက်တွင် မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ကို အိန္ဒိယနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်း လက်ခံပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဝတ်အစား၊ အသုံးအဆောင်များ ထောက်ပံ့ ပေးခြင်း၊ စနစ်တကျ ကြိုဆိုနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မတ် ၉ ရက်တွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယား (Port Blair) ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ရာ အသွားအပြန် ရေမိုင်ပေါင်း ၈၃၀ ခုတ်မောင်းခဲ့ပြီး ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ် ဆိပ်ကမ်းသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိသည်။ ။ စစ်ရေယာဉ် (တပင်ရွှေထီး)ဖြင့် ခေါ်ဆောင်လာခဲ့သော မြန်မာနိုင်ငံသား များကိုလမ်းခရီးတစ်လျှောက် လုံခြုံရေးဆောင်ရွက် ပေးခြင်း၊ ကျန်းမာရေး အထောက်အကူပြုစေရန် ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ရေယာဉ်ပေါ်တွင် လိုက်ပါတာဝန် ထမ်းဆောင်နေသည့် ဆရာဝန်နှင့် သူနာပြုများက ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်း၊ စိတ်အပန်းပြေစေရန် ဖျော်ဖြေရေး အစီအစဉ်နှင့် ရုပ်ရှင်ပြသပေးခြင်း၊ မုန့်ဟင်းခါး အပါအဝင် မြန်မာ့အစားအစာ များဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
ပြန်လည်ရောက်ရှိလာသော အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အလယ်ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ မိသားစု ဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။
ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများကို တပ်မတော်မှ ဖွင့်လှစ်ထားသော Quarantine Center များတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ စောင့်ကြည့် ထားရှိပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများထံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးကိုလည်း သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ယခုအချိန်အထိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံ သား ၁၁၅၆ ဦးကို တပ်မတော်မှ စစ်ရေ ယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်