Skip to main content

ရန်ကုန်မြို့တော် မြို့ပြဖိုင်ဘာကွန်ရက် စီမံကိန်းဆောင်ရွက်ချက်များ တွေ့ဆုံညှိနှိုင်း

ရန်ကုန် မတ် ၁၀ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွှန့်ဖေ၊ ကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာ ဇော်ဝင်း၊ ဒေါက်တာငွေစန်း၊ ဦးအောင်နိုင်တို့နှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းရှိ ၁၂ ထပ်ခွဲရုံး အစည်းခန်းမ၌ EAGER Communications Group Co.,Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရန်ကုန်မြို့တော် မြို့ပြဖိုင်ဘာကွန်ရက် စီမံကိန်းလုပ်ငန်းရပ်များကိစ္စ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သည်။ ထို့သို့တွေ့ဆုံရာမှာ EAGER Communications Group Co.,Ltd ဥက္ကဋ္ဌ ဦးဣဒ္ဓိလှမှ ရန်ကုန်မြို့တော်မြို့ပြ ဖိုင်ဘာကွန်ယက် စီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)