Skip to main content

လယ်ယာကဏ္ဍတစ်ခုလုံး၏ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ ထိရောက်စွာရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း

နေပြည်တော် မတ် ၁၀ လယ်ယာကဏ္ဍ တစ်ခုလုံး၏ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ ထိရောက်စွာရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) ၌ ကျင်းပသည်။ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်သဏ္ဍန်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးအပြင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ရေးကိုပါ အဓိကထား စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည် ဖော်ရာ၌ သီးနှံ သားငါး ထုတ်လုပ်မှု သာမက ကုန်ချောအဆင့် အထိ ထုတ်လုပ်မှု ကွင်းဆက် တလျှောက်လုံးအတွက် အကြုံးဝင်မည့် အစီအမံများကို စီမံကိန်း များတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။ အဆိုပါ အစည်းအဝေးတွင် နောင်တိုးပွားလာမည့် လူဦးရေ သန်းတစ်ရာခန့်၏ စားနပ်ရိက္ခာနှင့် အာဟာရဓာတ်ဖူလုံရေးအတွက် ဆန်စပါး အပါအဝင် အဓိကသီးနှံ သားငါးများ ထုတ်လုပ်မှု ဆိုင်ရာ ရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရေး၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အကြား၊ မြို့ပြနှင့် ကျေးလက်ဒေသများ အကြားရှိ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းသွားစေရန် လယ်ယာကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများတွင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ယင်းသို့ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက ပါဝင်နေသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ နိုင်ငံတကာ ငွေကြေး ထောက်ပံ့မှု အစီအစဉ်များနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်အညီ လိုအပ်သည့် စီမံကိန်းများရရှိအောင် ညှိနှိုင်းဆောင်ရွက် ရေး၊ အထောက်အပံ့ ချေးငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများအား သွက်လက်မြန်ဆန်စွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရေး၊ လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ထုတ်လုပ်မှုပုံစံများ ပြောင်းလဲကျင့်သုံးရေး၊ မိုးရွာသွန်းမှု သိသာစွာလျော့နည်း ခဲ့သဖြင့် နိုင်ငံတစ်ဝန်းရှိ ဆည်ရေလှောင်တမံများ ဝင်ရေသိုလှောင်နိုင်မှုနှင့် စိုက်ပျိုးရေပေးဝေ နိုင်မှု လျော့နည်းကျဆင်းခဲ့ခြင်းအပေါ် ရေအနည်းလို သီးနှံများနှင့် တန်ဖိုးမြင့်သီးနှံများ၊ မွေးမြူရေး လုပ်ငန်းများကိုပြောင်းလဲ အစားထိုး လုပ်ကိုင်နိုင်ရေးနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေး တိုးတက်စေမည့် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်မည့် အစီအမံများ ပါဝင်သည့် စီမံကိန်းများ ပြင်ဆင်ရေးဆွဲရေး၊ ဆည်တမံများရှိ ရေများနှင့် မြစ်ရေတင်များမှ ရေများကို အလေအလွင့် အနည်းဆုံးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်မည့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးမှု အကာင်အထည်ဖော် ဆောင်ရွက်ရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)